ကျွဲကောသီး ထွက်ရှိချိန်နှောင်းပိုင်းတွင် ဈေးကောင်း ရရှိနေ
ပြည်တွင်း၌ ကျွဲကောသီး နှစ်ကြိမ်ထွက်ရှိလေ့ရှိပြီး ပထမတစ်ကြိမ် ထွက်ရှိချိန်က ဈေးကောင်းရရှိမှု နည်းပါးသော်လည်း ယခုကျွဲကောသီး ထွက်ရှိချိန်နှောင်းပိုင်းတွင် ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်း၏ ပြောပြချက်အရ သိရသည်။
''ဒီအချိန်က ကျွဲကောသီး ရှားတဲ့အချိန်ဖြစ်နေပြီ။ နောက်သီး နည်းနည်းပါးပါးတော့ ရှိသေးတယ်။ နှစ်စဉ်ကတော့ ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာ ဒုတိယအသုတ်က အသီးရှားတဲ့ ရာသီဖြစ်တဲ့အပြင် တရုတ်နှစ်သစ်ကူး ပွဲတော်နဲ့လည်း ကြုံတော့ဈေးကောင်း ရပါတယ်'' ဟု ဦးမြင့်သိန်းက ပြောသည်။
လက်ရှိတွင် အရွယ်အစားအလိုက် ဈေးနှုန်းကွာဟမှု ရှိသော်လည်း ပျမ်းမျှအားဖြင့် ကျွဲကောသီးတစ်လုံးလျှင် ငွေကျပ် ၃၅ဝဝ ဝန်းကျင်ရှိသည်။
ပြည်တွင်း၌ ကျွဲကောသီး မျိုးစိတ်ပေါင်း ၂ဝ ကျော်ရှိပြီး ပန်း(၁)၊ ပန်း(၂)အမျိုးအစားများဖြစ်သည့် ပန်းရောင်မျိုးနှင့် အဖြူရောင်မျိုး (သကြားကျွဲကော) များကို စိုက်ပျိုးကြောင်း၊ ကျွဲကောသီးသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့်အပြင် လုပ်သားလိုအပ်ချက် နည်းပါးသောသီးနှံဖြစ်ကြောင်း သိရသည်။
ကျွဲကောသီးကို ရန်ကုန်တိုင်း ဒေသကြီး၌ ဧက ၃ဝဝ ကျော်၊ မွန်ပြည်နယ်၌ ဧက ၃၂ဝဝ ကျော် စိုက်ပျိုးထားပြီး တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌လည်း စိုက်ပျိုးကြောင်း သိရသည်။