(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (17 th ACD FM)ကို Video Conferencing ဖြင့် ကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ - ၂၄

(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (17 th ACDFM)ကို ယနေ့ နံနက် ပိုင်းတွင်  Video Conferencing ဖြင့် ချိတ်ဆက်ကျင်းပပြုလုပ်ရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်မှ တစ်ဆင့် ပါဝင် တက်ရောက် ဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက် ကြပြီး အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Screenshot ဖြင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် များအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။

 ယင်းနောက် အစည်းအဝေးသဘာပတိ ဗီယက်နမ်ပြည်သူ့ တပ်မတော်ဦးစီးချုပ် Senior Lieutenant General  Phan Van Giang ကအဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (17th ASEAN Military Intelligence Meeting-AMIM-17) ရလဒ်အား ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဆိုင်ရာ ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ (၁၀)ကြိမ်မြောက် အာဆီယံ တပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (10th ASEAN Military Operations Meeting-AMOM-10) ရလဒ်အား ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဆင်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း အသီးသီးတင်ပြကြသည်။

 ယင်းနောက် အစည်းအဝေးသဘာပတိ ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ် Senior Lieutenant General  Phan Van Giang ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲ များက “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအတွက် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း (Military  Cooperation for a Cohesive and Responsive ASEAN)” အပေါ် အမြင်များအား နိုင်ငံအလိုက် အသီးသီးဆွေးနွေးကြသည်။

 မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးရာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ ပါဝင်တက်ရောက်လာ ကြသူများအားလုံး COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားနေသည့် အကြပ်အတည်း ကာလတွင် ဘေးအန္တရာယ်အပေါင်း မှကင်းဝေးကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ် ပါကြောင်း၊ ယခုအစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သော ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ်ဖြစ်သူ Senior Lieutenant General  Phan Van Giang နှင့်တကွ ဗီယက်နမ်ပြည်သူ့ တပ်မတော်မှ တာဝန်ရှိသူများအားလုံးကိုလည်း ယခုကဲ့သို့ (၁၇)ကြိမ်မြောက်အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အစည်းအဝေးကို Virtual Conference အဖြစ် အခက်အခဲများအကြားမှ အောင်မြင်စွာ ဦးဆောင်ကျင်းပနိုင်သည့် အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

ယနေ့အစည်းအဝေးတွင် မိမိအနေဖြင့် “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Military Coorperation for a Cohesive and Responsive ASEAN)” ဟူသည့်ခေါင်းစဉ်အား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသသည် လက်ရှိ ကာလတွင် သမားရိုးကျလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ သဘာ၀ဘေးအန္တရာယ်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းအလုပ်သမား ကိစ္စ၊ အစာရေစာရှားပါးမှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက် အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်ရလျက်ရှိပါကြောင်း။

မိမိတို့ဒေသတွင်းနိုင်ငံများအနေဖြင့် အဆိုပါခြိမ်းခြောက်မှုများကို ပေါင်းစည်းမှုဖြင့် လျင်မြန်စွာတုံ့ပြန်သွားရန် လိုအပ်ပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကြမ်းဖက်ဆိုင်ရာ ဖိအားပေးခြိမ်းခြောက်ခံရမှုများ ပိုမိုကြီးထွားလာသည့်အတွက် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ သတင်းများအား အပြန်အလှန်ဖလှယ် သွားနိုင်ရန်လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုနှင့်ဆက်စပ်သော စိန်ခေါ်မှုများကို လျင်မြန်စွာတုံ့ပြန်နိုင်ရန်အတွက် မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးမြှင့် တင်ခြင်းအပြင် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ညီညွတ်စွာဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ပင်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှုများအား တည်ဆောက် နိုင်ရန်အတွက် မိမိတို့ အာဆီယံ တပ်မတော်များအနေဖြင့်လည်း ကျရာအခန်း ကဏ္ဍများမှ အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အာဆီယံ တပ်မတော်များအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီဖလှယ်ခြင်း၊ စွမ်းရည် တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်လည်ပတ်ခြင်းအားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဟန်ချက်ညီညီရှိစေရန် ဆောင်ရွက်ရ မည်ပင်ဖြစ်ပါကြောင်း။

အမျိုးသားလုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ် သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံရေးပတ်ဝန်းကျင်အပေါ် မူတည်သောကြောင့် အနာဂတ်လုံခြုံရေးပတ်ဝန်းကျင် တည်ငြိမ်ခိုင်မာ လာစေရန် စိန်ခေါ်မှုများနှင့် နက်နဲရှုပ်ထွေးမှုများကို တစ်နိုင်ငံတည်း ရင်ဆိုင်ကျော် လွှားရန်မဖြစ်နိုင်ဘဲ အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကျော်လွှား တုံ့ပြန် နိုင်မည် ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့အစည်းအနေဖြင့် တပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအ တွက်အာဆီယံ တပ်မတော်များ၏ ၂နှစ်တာလုပ်ငန်းစီမံချက် (Two Year Activities Working Plan) ကို ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက် အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှုများတည်ဆောက် ရေးနှင့် တစ်စုတစ်စည်းတည်း တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် အထောက်အကူများစွာရှိနိုင် မည်ဖြစ်ပါကြောင်း၊ အာဆီယံ တပ်မတော်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အပြင် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အပေါင်းနိုင်ငံများ အစည်းအဝေး (ADMM-Plus) ကိုလည်း ပြုလုပ်ကျင်းပလျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုနှင့် သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး(HADR) ၊ စစ်ဘက်ဆိုင်ရာဆေးပညာ (Military Medicine)၊ ပင်လယ်ရေကြောင်း ဆိုင်ရာလုံခြုံရေး (Maritime Security)၊ တန်ပြန် အကြမ်းဖက်မှုနှိမ်နင်းရေး (Counter Terrorism)၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးဆိုင်ရာကိစ္စ (Peace Keeping Operation)နှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာမြေမြှုပ်မိုင်းရှင်းလင်းရေး (Humanitarian Mine Actio n) အစရှိသည့်နယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ခြင်း အားဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြားသာမက မိတ်ဖက်နိုင်ငံများ နှင့်ပါ ညီညွတ်စွာဖြင့် တုံ့ပြန်နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း။

အရှေ့တောင်အာရှဒေသသည် ရေပြင်အကျယ်အဝန်းဧရိယာ ပမာဏများပြားလှသည့် အားလျော်စွာ ဒေသတွင်း နိုင်ငံများအကြား စည်းလုံးညီညွတ်မှု ရှိစွာဖြင့် ပင်လယ်ရေကြောင်း ဝန်းကျင်လုံခြုံရေး သတိရှိမှု (Maritime  Domain  Awareness)၊ စွမ်းရည်တည်ဆောက်မှုများ၊ သတင်းအချက်အလက်ဖလှယ်ခြင်းများနှင့် ပင်လယ်ပြင် ပူးပေါင်း ကင်းလှည့်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် စိန်ခေါ်မှုများကို လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်သွားရမည်ပင်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသအတွင်း ပူးပေါင်းကင်းလှည့်မှုများနှင့် ကင်းလှည့်မှုဆိုင်ရာစံပြုလုပ် ထုံးလုပ်နည်းများအား စုပေါင်းပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ဒေသတွင်း ပင်လယ် ရေပြင်များတွင် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် သွားနိုင်မည် ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်း ညီညွတ်မှုအား တည်ဆောက်ရာတွင် သတိပြုရမည့်အချက်များ ရှိပြီး မိမိတို့အချင်းချင်း အကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားကြရ မည်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန် ဆက်ဆံရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ သဘောထား ကွဲလွဲမှု၊ အငြင်းပွားမှုနှင့် ပဋိပက္ခဖြစ်မှု စသည်တို့ ဖြစ်ပေါ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ ပေါင်းစည်းညီညွတ်မှုအား တည်ဆောက်ရာတွင် မိမိတို့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မတူညီကွဲပြားမှုကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ သို့သော်လည်း အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သည့် “One Vision, One Identity, One Community” အတိုင်း မိမိတို့၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်သွား ကြရမည် ပင်ဖြစ်ပါကြောင်း၊ နေ့စဉ်ကြုံတွေ့နေရသော သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် နိုင်ငံအချင်းချင်း အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကာ တုံ့ပြန်ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ပါကြောင်း။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် ပြည်သူလူထု၏ လူနေမှုဘ၀မြင့်မားစေရေးနှင့် တည်ငြိမ် အေးချမ်းမှုရရှိစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ အခြားသောဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များ၊ ပြည်သူ့ဘ၀လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် အနှောင့် အယှက်ပြု နေသည့် အကြမ်းဖက်သမားများ၏ အဖျက်လုပ်ငန်းများအား ကာကွယ်တား ဆီးဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ အာဆီယံနိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင် လာကြတာကို တွေ့မြင်ကြရမည်ပင်ဖြစ်ပါကြောင်း၊ မိမိတို့အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုခိုင် မာသော ပေါင်းစည်းညီညွတ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါကြောင်း။

အာဆီယံနိုင်ငံများအတွင်း အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ လက်နက် မှောင်ခိုမှု၊ ပင်လယ်ဓားပြမှု၊ စီးပွားရေးဆိုင်ရာမှုခင်းနှင့် ဆိုက်ဘာဆိုင်ရာ မူခင်းတို့တွင် နိုင်ငံဖြတ်ကျော်မှု ခင်းများအသွင် ဖြစ်ပွားလျက်ရှိပါကြောင်း၊ အာဆီယံ နိုင်ငံရေး - လုံခြုံရေးဆိုင်ရာအသိုက်အဝန်း (ASEAN Political- Security Community- APSC) သည် အခြားဆွေးနွေးဖက်နိုင်ငံများနှင့်ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်မှုတိုးမြှင့်စေရန် ရေရှည်မျှော်မှန်းချက်နှင့် လမ်းဖွင့်ဆောင်ရွက်နေပြီး မိမိတို့ ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုတိုးမြှင့်ရန် အထောက်အကူပြုလျက်ရှိပါကြောင်း၊ နယ်နိမိတ်ပြဿနာ၊ နိုင်ငံတကာအကြမ်းဖက်ဝါဒ၊ လက်နက်မှောင်ခိုမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူမှောင်ခိုကူးမှု၊ ပင်လယ်ရေကြောင်းလုံခြုံမှု၊ သဘာ၀အရင်းအမြစ်များ ခွဲဝေသုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် ကျန်းမာရေးပြဿနာ၊ သဘာ၀ ပတ်ဝန်းကျင်ပြဿနာများ စသည့်သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ပေါင်းစည်း ညီညွတ်စွာ လျင်မြန်စွာပူးပေါင်းတုံ့ပြန်ဖြေရှင်းခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

လူသားလုံခြုံရေးနှင့်ပတ်သက်၍ လူမှုဝန်းကျင်အတွက် အရေးကြီးကဏ္ဍများဖြစ်သည့် မြို့ပြနေရာချထားမှု၊ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်နှိမ်နင်းမှု၊ ရောဂါဝေဒနာရှင်များအား ကာကွယ်စောင့်ရှောက်မှု၊ တရားမဝင် လက်နက်နှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းမှု၊ သဘာ၀ပတ်ဝန်းကျင် ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကိုလည်း လျင်မြန်စွာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူတစ်ဦးချင်းစီ၏ လုံခြုံမှု မှသည် လူမှုအဖွဲ့အစည်းလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေး လုံခြုံမှု၊ သဘာ၀ ပတ်ဝန်းကျင်လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု နှင့်ကျန်း မာရေးစောင့်ရှောက်မှုစသော လူသားများ၏ ဘ၀ရပ်တည်ရေး ဆိုင်ရာ လုံခြုံမှုများ အတွက် ပေါင်းစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများရှိ ပြည်သူလူထုများအတွင်း လိုအပ်ချက် များနှင့် စိုးရိမ်ပူပန်မှုများကို ဖြေလျှော့နိုင်ပြီး အေးချမ်းတည်ငြိမ်၍လုံခြုံမှုရှိသောလူမှုဘ၀ကို တည်ဆောက်နိုင်မည်ဖြစ်ကာ နိုင်ငံတစ် နိုင်ငံချင်းစီ၏ လူသားဘ၀လုံခြုံမှုမှသည် ဒေသတွင်း နိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုကိုပါ အပြန်အလှန် အထောက်အပံ့ ပေးနိုင်မည်ပင် ဖြစ်ပါကြောင်း။

 ယခုလက်ရှိကာလတွင် မိမိတို့ရင်ဆိုင်နေကြရသည့် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် မည်သည့် အချိန်တွင်မှ ကူးစက်မှုများပြီးဆုံးမည်ကို မည်သူမျှမသိရှိနိုင်သေးပါကြောင်း၊ ထို့ကြောင့် “Prevention is  better than cure" ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည် ဖြစ်သည့် အတွက် အဆိုပါကပ်ရောဂါကို အကောင်းဆုံးတုံ့ပြန်နိုင်ရန် ကပ်ရောဂါ ဖြစ်ပွားရသည့်အခြေခံအကြောင်းရင်းများ၊ ကူးစက်ပုံ နည်းလမ်းများနှင့် တားဆီးကာကွယ်နိုင်သည့် နည်းလမ်းများကို အများပြည်သူများ သိရှိနားလည် သဘော ပေါက်နိုင်စေရန် အသိပညာပေးခြင်း များကို ထိရောက်စွာ ဆောင်ရွက်ပေးကြရမည်ပင်ဖြစ်ပါကြောင်း၊ COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် လူသားမျိုးနွယ်စုအားလုံးကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုဖြစ်သည့်အတွက် နိုင်ငံအလိုက် ထိရောက်သော နည်းလမ်းများ အသုံးပြု၍ တားဆီးကာကွယ်ခြင်းသာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက် များဖြင့်လည်း ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလိုက် COVID-19 ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ၏ အတွေ့အကြုံများ၊ အောင်မြင်ခဲ့သည့်နည်းလမ်းများ၊ အားသားချက်၊ အားနည်းချက်များအား အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အပြန်အလှန် မျှဝေခြင်းများကို ထိထိ ရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း။

အရှေ့တောင်အာရှနိုင်ငံများသည် ပေါင်းစည်းညီညွတ်သောစွမ်းအားဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်၍ ဒေသတွင်း စီးပွားရေးအင်အား ခိုင်မာတောင့်တင်းရန် ပူးပေါင်း ဆောင်ရွက်သကဲ့သို့ ဒေသတွင်း ရင်ဆိုင်ကြုံတွေ့ နေရသည့်သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်များအတူတကွလက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင် ရွက်နိုင်သော အာဆီယံ အတွက် စစ်ဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း”များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မည့်အပြင် အာဆီယံ ဒေသကြီး၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို များစွာ အထောက်အကူပြုနိုင် လိမ့်မည်ဟု မိမိအနေဖြင့် လေးလေးနက်နက် ယုံကြည်မိပါကြောင်း၊ အနာဂတ် ကာလများတွင်လည်း အာဆီယံဒေသတွင်း ပြည်သူ လူထု၏ဘ၀တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် အာဆီယံ ဒေသ အတွင်းရှိ  ပြည်သူများ၏ ရင်းနှီးချစ်ကြည်စွာပေါင်းစည်းညီညွတ်မှုအားမှသည် လျင်မြန်စွာ တုံ့ပြန်နိုင်သည့် တစ်ခုတည်းသော အာဆီယံအသိုက်အဝန်းကြီးအား ဖော်ဆောင်ရန်တိုက်တွန်း အပ်ပါကြောင်းနှင့် အာဆီယံ တပ်မတော်များအနေဖြင့် ဒေသတွင်းပြည်သူ့ဘ၀ တည်ငြိမ်လုံခြုံရေးအတွက် ညီညွတ်မှုအားကို အသုံးချပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှု၊ စည်းလုံး ညီညွတ်မှုနှင့်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မှု စွမ်းရည်များတိုးတက်မြင့်မားပါစေကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် အာဆီယံ တပ်မတော်များ၏ (၂၀၂၀-၂၀၂၂) ၂ နှစ် လုပ်ငန်းစီမံချက်နှင့် (၁၇)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ  အစည်းအဝေး (17th ACDFM)၏ “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်သော အာဆီယံ အတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Military  Cooperation for a Cohesive and Responsive ASEAN)” ပူးတွဲကြေငြာချက်အား အတည်ပြုကြသည်။ ထို့နောက် ဗီယက်နမ် ပြည်သူ့ တပ်မတော် ဦးစီးချုပ်က နိဂုံးချုပ် စကားပြောကြားသည်။

ယင်းနောက် (၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (18th ACDFM) ကို အလှည့်ကျဥက္ကဌအဖြစ်လက်ခံကျင်းပမည့် ဘရူနိုင်းနိုင်ငံ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းကို ဆက်လက်ပြုလုပ်ရာ ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ်က လွှဲပြောင်းပေးအပ်မှု အမှာစကားပြောကြားပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်၏ ACDFM ဥက္ကဌ တာဝန်ယူခဲ့မှု ဗီဒီယိုကို ပြသသည်။ ထို့နောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ဦးစီးချုပ်က ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်း စစ်သံမှူးထံသို့  ACDFM အလံကို လွှဲပြောင်းပေးအပ်ရာ ဘရူနိုင်း စစ်သံမှူးက လက်ခံရယူပြီး အလံတိုင်တွင် စိုက်ထူသည်။ ယင်းနောက် ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ်နှင့် ဘရူနိုင်း စစ်သံမှူး တို့သည် အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ သတ်မှတ်နေရာများတွင် ပြန်လည်နေရာယူကြသည်။

 ဆက်လက်ပြီး ACDFM ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ဘရူနိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က အမှာစကားပြောကြားပြီး ဘရူနိုင်း နိုင်ငံ၏  မှတ်တမ်း ဗီဒီယိုကို ပြသကာ အစည်းအဝေးကို ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။