COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသနိုင်ရေးနှင့် စောင့်ကြည့် သူများထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများပြားလာသဖြင့် ကာကွယ်၊ ထိန်းချုပ်ကုသ ရေးလုပ်ငန်းများကို တပ်မတော်မှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၊ သင်တန်းကျောင်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်တို့၌လည်း COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ များအား ကုသနိုင်ရေးနှင့် စောင့်ကြည့်လူနာများ ထားရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၌ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား၊ အမျိုးသမီး(၇၀)ဦး ထားရှိကုသနိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သော ဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ COVID-19 ရောဂါ စောင့်ကြည့်လူနာ အမျိုးသား၊ အမျိုးသမီး(၃၇၂)ဦးနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်၌ COVID-19  ရောဂါစောင့်ကြည့်လူနာ ၁၈၂ ဦး ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။