ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁/၂၀၂၂ ကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါကြေညာချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို အလေးထား ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ဖြစ်ပေါ်နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ ရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်ထားရန် ကျန်ရှိနေသေးသည့် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေး တို့အတွက် ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ တင်ပြခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များအပေါ်ထောက်ခံဆွေးနွေးခဲ့ကြပြီး ယာယီသမ္မတ အပါအဝင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ အားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာလိုက်ရသည့် အကြောင်းရင်း အဖြစ်အပျက်အမှန်ကို နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများ အားလုံးက သိမြင်ကြသော်လည်း မျိုးဆက်သစ်လူငယ် အများစုတွင် သိမြင်သူနည်းပါးလှသည်။ ထို့ကြောင့် NLD ပါတီမှပေါ်ပေါက်လာသော NUG နှင့် CRPH တို့၏ သွေးထိုးလှုံ့ဆော် မဟုတ်မမှန် ဝါဒဖြန့်ဖြူးမှု၊ တရားမဝင်မီဒီယာတို့၏ သတင်းအမှားဖြန့်ချိမှုကို ယုံကြည်ကာ လူငယ်လူရွယ်အချို့ လမ်းမှားသို့ ရောက်သွားကြသည်။ တိုင်းပြည်ပျက်အောင် ဖျက်လိုသူတို့၏ မာယာကျော့ကွင်းဝယ် လူငယ်လူရွယ်တို့ သက်ဆင်းကြရသည်။ PDF ဟူသော အမည်တစ်လုံး ပိုင်ဆိုင်နေသည် ကိုပင်တက်ကြွနေသည်။ သူတို့သည် အမှန်တကယ် မြေပြင်တွင် အခက်အခဲပေါင်း မြောက်မြားစွာ ကြုံတွေ့နေကြ၍ မိဘရပ်ထံ ပြန်လာလိုသော်လည်း ပြန်ခွင့်မရနိုင်တော့ပေ။
အဖျက်လုပ်ရပ်မျိုးစုံလုပ်ဆောင်ရန် မြို့ရွာများသို့ ပြန်လာပြီး အကြမ်းဖက် လုပ်ဆောင် နေသူများမှာလည်း ပြည်သူတို့၏ သတင်းပေးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံ နေကြရသည်။ လက်လုပ်မိုင်းများ ပြုလုပ်စဉ် မိုင်းကွဲ၍ ကိုယ့်မိုင်းဖြင့် ကိုယ်သေဆုံးသူများ၊ မိုင်းထောင်နေစဉ် သေဆုံးသူများကလည်း များပြားလှသည်။ ထိုသို့လမ်းမှားရောက် သွားရခြင်း အကြောင်းရင်း အနှစ်ချုပ်မှာ အရေးပေါ် အခြေအနေ ကြေညာသည့်အထိ ဖြစ်ပေါ်လာရသည့် အကြောင်းရင်း အဖြစ်မှန်ကို မသိရှိခြင်းသည် အကြောင်းရင်းတစ်ခု ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ရွေးကောက်ပွဲမကျင်းပမီနှင့်ကျင်းပအပြီး နိုင်ငံတော်အဆင့်အခမ်းအနားများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်း၊ သံတမန်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း၊ သတင်းမီဒီယာများနှင့် တွေ့ဆုံခြင်း၊ တပ်မိသားစုများနှင့် တွေ့ဆုံခြင်း စသည့် အခမ်းအနားပေါင်း ၂၄ ကြိမ်၌ ထုတ်ဖော်ပြောကြားခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲပေးခဲ့ကြရာ၌ မဲမသမာမှု ၁၀၄၈၂၁၁၆ (၁၀ သန်းကျော်၊ မဲပေးသူဦးရေ၏ ၄ ပုံ ၁ ပုံ) စိစစ်တွေ့ရှိရသည့် အတွက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် တပ်မတော်နှင့် နိုင်ငံရေးပါတီများ UEC အဆင့်၊ ၎င်းမှပြည်ထောင်စုလွှတ်တော်အဆင့်၊ ၎င်းမှ အစိုးရအဆင့်ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ တောင်းဆိုခဲ့သည်။
တပ်မတော်ကအရာရှိကြီး နှစ်ဦးအားစေလွှတ်၍ အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ ဆောင်ရွက်ဖြေရှင်းရန် နှစ်ကြိမ်တိုင် တင်ပြပြောဆိုခဲ့သည်။ မဲမသမာမှုများကို ရင်ဆိုင် မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူရန် မတရားကြိုးပမ်းခဲ့သည်။ ထို့ကြောင့်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် နိုင်ငံတော်အတွက် အလိုအပ်ဆုံးမှာ မှန်ကန်သော အသိအမြင် ဖြစ်သည်။ မှန်ကန်သော အသိအမြင် ကိုယ်စီရှိနေပါက အကြမ်းဖက် အဖျက်လုပ်ရပ်များ ကင်းဝေးပြီး နိုင်ငံတော်တွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။