ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိနေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိနေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင်  PDF အမည်ခံအကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက် တို့မှ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်တိုက်ခိုက်လာခဲ့ပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 
    
ထိုကဲ့သို့ ကျေးရွာတွင်းရှိ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်မီဒီယာအချို့တို့က လူမှု ကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန် သတင်းအမှားများကို ဝါဒဖြန့် ရေးသားလျက်ရှိသည်။
    
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ အင်မထီးကျေးရွာရှိ ဒေသခံရွာသားတစ်ဦးက PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် များကိုပါသတ်ဖြတ်ပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ကလေးသူငယ်များပါ အနာဂတ်ပျောက်သွားရပြီဖြစ်ကြောင်း၊ ပြည်သူများ ၏ဘဝကို ကိုယ်ချင်းစာပေးစေလိုပြီး ယခုကဲ့သို့ လုပ်ရပ်များကို ဘာကြောင့်လုပ် ဆောင်ရကြောင်းစသည့် မေးခွန်းများစွာဖြင့် စကားသံများကို  သိရပါသည်။

''ကျွန်တော်တို့ဘဝက တောင်သူတွေပါ။ အဲ့ဒီတောင်သူတွေရဲ့ဘဝတစ်ခုကို အေးအေး ချမ်းချမ်းနေတာပါ။ အဲ့တာကို ရက်ရက် စက်စက်  သက်ကြီးရွယ်အိုတွေ၊  ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အားလုံးကို ဘာကြောင့်သတ်ရသလဲဆိုတဲ့ မေးခွန်းကို  မေးချင်ပါတယ်။  အခုဆို  ကျွန်တော်တို့ မိသားစုဘဝ ဘယ်လောက်ပျက်သွားပြီလဲ။

အခု ကျွန်တော်တို့ရဲ့ရှိစုမဲ့စုလေးတွေ ကုန်သွားပါပြီ။  ဆိုင်ကယ်တွေ၊ မီးစက်တွေ၊ စပါးပုတ်တွေ၊  ပဲစင်းငုံတင်း ၅ဝ မီးလောင်သွားပါပြီ။  မနှစ်က ကုလားပဲအကျန်တွေ နေကြာတွေ၊ ဆီပုံးတွေ၊ ဆန်အိတ်တွေ၊ ပြောင်းဖူးစဉ်းစက်တွေ၊  နွားစာစဉ်းစက်တွေကို ကျွန်တော်တို့ ဘယ်လိုပြန်တည် ဆောက်ရမလဲ။ လှည်းလည်းတစ်ခြမ်းလောင် သွားတယ်။    ကိုယ်ချင်းစာပေးပါတယ်။

ကျွန်တော်တို့ တောင်သူတွေဘဝက ဘာမှမထူးဘူးဗျ။  မသိတဲ့ လူတန်းစားတွေကိုမှ ဘာလို့အနိုင်ကျင့်ရတာလဲ။ ကျွန်တော်တို့ ဘဝလေးကို ငြိမ်းငြိမ်းချမ်းချမ်းနေတာပါ။

ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေရဲ့ဘဝကို   အိုးမဲ့၊ အိမ်မဲ့ဖြစ်အောင် ဘာကြောင့်များ လုပ်နေရတာလဲ။ ကျွန်တော်တို့နေရာကို   ခင်ဗျားတို့ကိုယ်တိုင် ဝင်ပြီးခံစားကြည့်ပါ။ ကျွန်တော်တို့ သားသမီးတွေကို  ဘယ်လိုများ ကျောင်းထားရတော့မလဲ။

ဒါတွေကို   ကိုယ်တိုင်ခံစားကြည့်ပြီးမှ လုပ်မယ်ဆို ပိုမကောင်းဘူးလား။ အခု  ကျွန်တော်တို့ဘဝတွေ ပျက်သွားပြီ၊ လမ်းပေါ်ရောက်သွားပြီ။  အိမ်လည်းမရှိတော့ဘူး။ ပြည်သူတွေကိုတော့  ခင်ဗျားတို့သက်ညှာပေးပါ။  ပြည်သူ့စစ်ဖွဲ့တာနဲ့  ဘာကြောင့်လုပ်ရတာလဲလို့ ပုလဲ PDF တွေအားလုံးကို မေးချင်တယ်။  ကျွန်တော်တို့  အေးအေးဆေးဆေးနေနေတဲ့ ပြည်သူတွေရဲ့ဘဝကို ဘာကြောင့်သတ်ဖြတ်ချင်ရတာလဲ၊ ဘာကြောင့် ဖျက်ဆီးချင်ရတာလဲ    ကျွန်တော်တို့ကို ဖြေပေးသွားပါ။  ကျွန်တော်တို့ဘဝတွေက မပြောပြနိုင်လောက်အောင် ခံစားနေရပြီး ခင်ဗျားတို့က အောင်ပွဲခံနေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့သားသမီးတွေကို ကိုယ်ချင်းစာပေးပါ၊ ပြည်သူလူထုကို ကိုယ်ချင်းစာပေးပါ။

အခု မီးလောင်ပြင်ကြီးဖြစ်သွားတော့ နွားတွေလည်း မစားရဘဲငတ်နေကြတာကို သိရဲ့လား။ ကျွန်တော်တို့က  အေးအေးဆေးဆေးနေချင်တာ။  ဒါပေမဲ့   ခင်ဗျားတို့က ရက်ရက်စက်စက် သတ်ပစ်တယ်။ ကျုပ်တို့က ခင်ဗျားတို့အပေါ် ဘာတွေများ ကျူးလွန်ခဲ့လို့လဲ။''ဟုပြောသည်။

ဏီၤ အမည်ခံအကြမ်းဖက် အဖွဲ့များက သက်ကြီးရွယ်အိုဖခင်အား   ရက်စက်စွာသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်   အိုးအိမ်နှင့် စည်းစိမ်ကိုပါမက အသက်ကိုပါပေးခဲ့ရသည့် ဒေသခံကျေးရွာသူတစ်ဦး၏ ရင်နင့်ဖွယ် စကားသံများကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

''အိမ်ဆိုရင် ထရံကာမြေစိုက်တစ်ထပ်အိမ် ဖြစ်ပါတယ်။ နှမ်းအိတ်၊ ဆန်အိတ်၊ ပဲစင်းငုံ၊ အဝတ်ချုပ်စက်ကအစ အကုန်ဘာမှမကျန် ဘူး။ ကျုပ်တို့ကဘာအပြစ်မှမရှိဘဲ ဘဝဆိုးအောင်လုပ်သွားတယ်။ အခုဆို အပြစ်မဲ့တဲ့ အဘိုးအိုကြီးကိုရက်စက်သွားတယ်။  အခု ကျုပ်တို့က အမေအိုကြီးနဲ့အတူ ခံစားနေရတယ်။  

အိမ်သားတွေလည်းမရှိဘူး။ ဘေးအိမ်တွေကလည်း သူတို့အိမ်နဲ့သူတို့ဆိုတော့ အဖေအိုကြီးကို မကယ်နိုင်ကြဘူး။  အဖေအိုကြီးကို ဘာကြောင့်များ ရက်စက်သွားရတာတုန်း လို့ မေးချင်ပါတယ်။ သားတစ်ယောက်က ထိုင်းမှာ၊ မြေးတွေက ဖားကန့်၊ ရန်ကုန်၊ မန္တလေးတို့မှာ အလုပ်လုပ်နေကြတယ်။ အခု ကျုပ်တို့ဘဝကို ဘယ်လိုများလုပ်ရမှာတုန်း။ ကျုပ်တို့ဘဝကဆုံးပြီ။ ဘယ်လိုလုပ်ကိုင်စား ရမှာတုန်း။ အိုးမဲ့၊ အိမ်မဲ့ဖြစ်နေပြီ။ ခြုံစရာ စောင်တောင်သူများဆီက တောင်းနေရတဲ့ အဖြစ်ရောက်နေပြီ။ ကျုပ်တို့က အများကြိုက် အောင်လည်း လိုက်ပါတယ်။ ဘာမှ မုန်း အောင်လည်း မပြောပါဘူး။ အဘိုးကြီးဆို လည်း ဘာမှကို မပြောတာပါ။ အခုတော့ အဘိုးကြီးကို သူတို့မို့ရက်စက်တယ်။ ဘယ်လိုကြောင့် ရက်စက်တယ်ဆိုတာကို သိချင်ပါ တယ်''ဟုပြောသည်။

အင်မထီးကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်၍ နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့သည့်အပြင် မီးလောင်၍ ထွက်ပြေးသူများအား လက်နက်ဖြင့် ရက်စက်စွာ ပစ်ခတ်မှုများကိုလည်း ဒေသခံရွာသားတစ်ဦးထံမှ   ယခုကဲ့သို့ ကြားသိရပါသည်-

''စစ်ကိုင်းတိုင်းဒေသကြီး   ပုလဲမြို့နယ် အင်မထီးကျေးရွာမှာနေတဲ့   ပြည်သူတစ် ယောက်ပါ။ ကျွန်တော်တို့ရွာကို ပြည်သူ့စစ်ကာကွယ်ရေး ဖွဲ့မယ်ဆိုပြီး  ရောက်လာခဲ့ တယ်။ ရောက်လာပြီး မကျေနပ်လို့ဆိုပြီး ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ PDF တွေနဲ့ ကျွန်တော်တို့ရွာမှာရှိတဲ့ ဏီၤ တွေ ပူးပေါင်း ပြီး ၃ဝ-၁-၂ဝ၂၂ ရက်နေ့  ညနေ ၄ နာရီခွဲလောက်မှာ မီးလောင်တိုက်သွင်းခဲ့ပါတယ်။ မီးလောင်တိုက် သွင်းတဲ့အချိန်မှာ အပြစ်မဲ့တဲ့သူတွေကို''(ဆဲဆို၍)ရှို့ကြဟေ့၊ ရှို့ကြဟေ့''ဆိုပြီး  မီးလောင်တိုက်သွင်း ခဲ့ပါတယ်။ မီးလောင်တိုက်သွင်းတဲ့ အချိန် မှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထွက်ပြေးရင် ပစ်သတ်တယ်။  မပြေးရင် မီးထဲထည့်ပစ်တယ်။ အဲ့လောက်ထိ ဘာကြောင့်ရက်စက် တာလဲ။ အခု ကျွန်တော်တို့မှာ ဘယ်လောက် ခက်ခဲလဲဆိုရင်   စာသင်ကျောင်းထဲမှာ မိသားစုတွေ  နေစရာမရှိ၊  စားစရာမရှိ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှကို မယူနိုင်ခဲ့ဘူး။ စုဆောင်းခဲ့တဲ့ မိုးတွင်းသီးနှံတွေလည်း  ဘာမှ မရောင်းရသေးဘူး။ မရောင်းရသေးတဲ့ ပဲတွေကို ပုတ်ထဲမှာထည့်ထားတာ အကုန်လုံး မီးလောင်သွားတယ်''ဟု ပြောသည်။

အဆိုပါ  PDF အမည်ခံအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီးကျေးရွာ သို့ ဇန်နဝါရီ ၃၁ ရက်  မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက် နှင့်အဖွဲ့ဝင်များက သွားရောက်၍ ဒေသခံကျေးရွာသူ/ကျေးရွာသားများအား ကျေးရွာ စာသင်ကျောင်း၌ တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိပြီး ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူလူထု အနေဖြင့်   အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သတင်းရရှိသည်။