နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဦးစောဒန်နီရယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဉီးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများ လိုက်ပါ၍ လွိုင်ကော်မြို့ရှိ RCခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့များမှ ဘာသာ ရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အကျိုးအတွက် ဘာသာရေး အသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်ပံ့ပိုးကူညီမှုသည် အရေးကြီးကြောင်း၊ ဘာသာရေး ခေါင်းဆောင်များသည် ဒေသအလိုက်၊ ဘာသာအလိုက် ကိုးကွယ်သူ ဘာသာဝင်များ အပေါ် သက်ရောက်မှုကြီးသူများဖြစ်၍ ဒေသ၏အကျိုးစီးပွားအတွက် ထိရောက်သော စွမ်းဆောင်ပေးနိုင်သူများဖြစ်ကြောင်း၊ ဘာသာရေး၏အဆုံးအမ တရားတို့ဖြင့်ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်း၊ သို့မှသာ ကယား ပြည်နယ်သည် အမြန်ပြန်လည် တည်ငြိမ်အေးချမ်းစေပြီး မူလအခြေအနေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အကြမ်း ဖက်မှုများနှင့်ပတ်သက် ၍ အေးချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တားဆီးချေမှုန်း နိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး၊ သေဆုံးမှုများသည် မိမိတို့တိုင်းရင်း သားများသာဖြစ်၍ နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ တနည်းအားဖြင့် နိုင်ငံ ၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေခြင်းပင်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ ကျင့်သုံးလိုက်နာဆောင်ရွက် စေလျက်ရှိကြောင်း၊ အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံးအဆင့် အနည်းဆုံး အင်အားကိုအသုံးပြု၍ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့ ပြည်သူများသတ်ဖြတ် ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင် အဆောက်အဦများကို ဖောက်ခွဲ ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း၊ ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ်မှုကို အခွင့်ကောင်း ယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို လုပ်ဆောင်နေကြောင်း၊ ပြည်သူ ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးအောင် လုပ်ဆောင်သည်ကို လက်ခံ၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော တာဝန်အရ တပ်မတော်က ဒီမိုကရေစီစနစ်ခိုင်မာအောင် ဥပဒေနှင့်အညီ အာဏာ ၃ ရပ်အား ထိန်းသိမ်းပေးသည့် ကို အာဏာသိမ်းသည်ဟူသောအကြောင်းပြချက်ဖြင့် ဒေသပျက်ဆီးအောင် လုပ်ဆောင် သော လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း။
အာဏာသိမ်းခြင်းသည် ရှိပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ အာဏာသိမ်းခေါင်းဆောင်နှင့် ပြည်သူအများစုလိုလားသည့် စနစ်တစ်ခု ပြောင်းရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲအတည်ပြုရသဖြင့် အာဏာ ပြန်လည်လွှဲပေးနိုင်မှုသည် အာဏာသိမ်းခေါင်းဆောင်အပေါ်တွင် မူတည်ပြီး ယခု မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာထိန်းခြင်းသည် ပြည်သူနှင့် တပ်မတော်က ထောက်ခံအတည်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဖြစ်နေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် မလိုပါကြောင်း၊ ဖွဲ့စည်းပုံ မဖျက်သိမ်း၍ ဖွဲ့စည်းပုံပါ ဥပဒေများအတိုင်း အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ကန့်သတ်ကာလအတွင်းသာ အာဏာ သုံးရပ်ကို ထိန်းသိမ်းပြီး အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ လုပ်ငန်းစဉ်များကို ဖြေရှင်းပေးနေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပဥ္စမအချက်ပါ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ကျင်းပ၍ အနိုင်ရပါတီအား ပြန်လည် လွှဲပြောင်းပေးရမည်သာ ဖြစ်ကြောင်း။
ပြည်တွင်းပြည်ပ သွေးတိုးမှုများကြောင့် အာဏာသိမ်းမှုဟု အထင်အမြင်လွှဲမှား မှုများကို ဘာသာရေးခေါင်းဆောင်များအနေဖြင့် ရှင်းရှင်းလင်းလင်း အသိပေး ထိန်းကြောင်း ပေးရန် လိုကြောင်း၊ အရေးပေါ်ကာလသည် ဥပဒေမှ အချိန်ကာလ ကန့်သက်ချက်ပေးပြီးဖြစ်၍ နိုင်ငံတော်၏လုပ်ဆောင်မှုကို အထင်အမြင် မလွဲစေလိုကြောင်း၊ ငြိမ်းချမ်းရေးအတွက် ထိတွေ့ဆက်ဆံညှိနှိုင်းမှုများ ဆောင်ရွက်စဉ် ငြိမ်းချမ်းမှု၏ အကျိုးကျေးဇူးကြောင့် အေးချမ်းစည်ပင်စွာဖြင့် ဖွံ့ဖြိုးခဲ့သည်ကို မမေ့ရန်လိုကြောင်း၊ တိုင်းရင်းသားအချင်းချင်း မကျေလည်မှု၊ အမြင်ကွဲလွဲမှုများဖြင့် ဒေသဖွံ့ဖြိုးရန်၊ နိုင်ငံတိုးတက်ရန် မဖြစ်နိုင် ကြောင်း၊ အလားတူ ဘာသာမတူညီမှုကို အကြောင်းပြ၍ သဘောထားကွဲလွဲနေ၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ တွင် ‘‘နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာ များဟူ၍ အသိအမှတ်ပြုသည်’’ ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ တူညီသောအခွင့်အရေး ရှိပြီးဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အားလုံး တွင် တာဝန်ရှိ၍ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် တက်ရောက်လာသည့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင် များဖြစ်ကြသည့် RCခရစ်ယာန်ဘာသာမှ ဦးအီညားရှို၊ အစ္စလာမ်ဘာသာမှ ဦးမင်းလွင်၊ ဟိန္ဒူဘာသာမှ ဦးခါရ်ကာဗဟာဒူးနှင့် ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့မှ ဦးပိုးရယ်အောင် သိန်းတို့က သက်ဆိုင်ရာဘာသာများအလိုက် လိုအပ်သည်များ ဆွေးနွေးတင်ပြပြီး ဆုတောင်းစကားများ ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တက်ရောက်လာသည့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။