နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ် အရေးယူ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ် အရေးယူ

နေပြည်တော်  ဖေဖော်ဝါရီ  ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သောဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့်  ဥပဒေနှင့်အညီ  လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ပေးအပ်သော အမေရိကန်ဒေါ်လာ ၆ဝဝဝဝဝ (ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာတို့ကို  သုံးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ရန်  မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ လျော့နည်း သက်သာသော နှုန်းထားနှင့် ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့်နိုင်ငံတော်က ငွေကျပ်သန်း ၅၂ဝဝ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁ဝ၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိ

မြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို  နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင်   လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ထိုက်သင့်သည့် တန်ဖိုးထက် များစွာလျော့နည်းလျက် ပေးချေခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏   မူလရည်ရွယ်ချက်ဖြစ်သည့်    ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေး လုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် နေအိမ် အဆောက်အဦကို    ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင် လှူဒါန်းထားသော အလှူငွေများထဲမှ   ငွေကျပ်သန်း ၁၆ဝဝ ကျော်ကို   သုံးစွဲဆောက်လုပ် စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း  ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး   ဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးမင်းသူတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ လည်းကောင်း    မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့   တရားစွဲတင်ပို့ခဲ့ရာ နေပြည်တော်သီးသန့် တရားရုံးတွင် ရုံးထိုင် စစ်ဆေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။

ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည်  နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍   လုပ်ငန်းများအဆင်ပြေစေရန်အတွက်  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြ၍ပေးအပ်သည့်  အမေရိကန်ဒေါ်လာ ၅၅ဝဝဝဝ (ငါးသိန်းငါးသောင်း)ကို ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း    စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ   နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)နယ်မြေရဲစခန်းတွင် ဖေဖော်ဝါရီ ၃ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍    တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ   သတင်းရရှိသည်။