မီးစက်တွင်အသုံးပြုသည့် ဝိုင်ယာကြိုး အပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်မြို့၌ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ က မီးစက်တွင်တပ်ဆင်ထားသည့် လျှပ်စစ်ဝိုင်ယာကြိုး အပူရှိန်လွန်ကဲပြီး နေအိမ်အား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့ ဆိပ်မူကျေးရွာရပ်ကွက်(၂)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဆိပ်မူကျေးရွာ ရဲကင်းစခန်းမှ ရဲအုပ်သန်းနိုင်ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ ဖားကန့်မြို့မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီမိနစ် ၄ဝ တွင် မီးငြိမ်းသွားသည်။
ဖြစ်စဉ်တွင် ဆိပ်မူကျေးရွာ ရပ်ကွက်(၂)နေ မသင်းသင်းအေး ၃၅ နှစ်သည် နေအိမ်၌လျှပ်စစ်မီး ပြတ်တောက်သွားသဖြင့် မီးစက်အား အသုံးပြုခဲ့ရာ မီးစက်တွင် တပ်ဆင်ထားသည့် လျှပ်စစ် ဝိုင်ယာကြိုးရှော့ခ်ဖြစ်၍ နေအိမ်အပေါ်ထပ်ရှိ ဆက်တီဆိုဖာထိုင်ခုံတွင် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကာ နေအိမ်အား မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သင်းသင်းအေးအား ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းက(ပ)၉/၂ဝ၂၂၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။