မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်တော်အေးရပ်ကွက်၌ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး အဓိကသတင်းစကားရှစ်ချက်အား Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သောက်သုံးရေကန်များ၊ ရေအိုးနှင့် ပန်းအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ခြင်ခိုအောင်းနိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ဆောင်ရွက်ကြသည်။
အလားတူ သရက်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ဖုံး၊ သွန်၊လဲ၊ စစ်ခြင်းများ၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သားဖွား ဆရာမဒေါ်မြင့်မြင့်ဝေထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)