နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ မင်းပြားမြို့နယ်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များအား တွေ့ဆုံ

နေပြည်တော်  ဖေဖော်ဝါရီ  ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေး နုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာ အောင်ကျော်မင်း၊   အနောက်ပိုင်းတိုင်း

စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ  ယနေ့ မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများအား ရာမောင်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဒေသအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ကိုယ်စား  ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်စံကျော်နှင့်  မြို့မိ/မြို့ဖများက ဒေသ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒေါ်အေးနုစိန်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က  တင်ပြဆွေးနွေးချက် များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။ ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  လက်ဆောင်ပစ္စည်းများ၊ အားကစား ပစ္စည်းများကို မြို့နယ်မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ် များထံ  အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။