(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်အတွင်း ရန်ကုန်-စစ်တွေ လမ်းပေါ်ရှိ ရာမောင်တံတားဖွင့်ပွဲပြုလုပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၅

(၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ ရခိုင်ပြည်နယ်  မင်းပြားမြို့နယ်အတွင်း ရန်ကုန်-စစ်တွေသွားကားလမ်းပေါ်တွင်  အသစ်တည်ဆောက်ပြီးသည့် ရာမောင်တံတားဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ်ထင်လတ်ဦး၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင်ရှိပြီး ၁၂၈၃ ဒသမ ၃ ပေရှည်သည့် ရာမောင်တံတားကို ရခိုင်ပြည်နယ်ရဲ့  Land Mark အဖြစ် အခြားတံတားဒီဇိုင်းများနှင့်မတူဘဲ Box Ginder Type ပုံစံဖြင့် တည်ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံများနှင့်အတူ ထပ်တူထပ်မျှဝမ်းသာ ကြည်နူးရပါကြောင်းဖြင့်  အဖွင့်အမှာစကား ပြောကြားသည်။  ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က    အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရွှေလေးက တံတားတည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။    ၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရာမောင်တံတားဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အဖြစ် ကျောက်စီပန်းချီကားကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်းထံ ပေးအပ်သည်။

ဆက်လက်၍ ရာမောင်တံတားအသစ်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းဆိုင်းဘုတ်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် အဖွဲ့ဝင်များက တံတားပေါ်သို့  လှည့်လည်ကြည့်ရှုကြပြီး  ရခိုင်ယဉ်ကျေးမှုအက အဖွဲ့နှင့် ရခိုင်စည်တော်အဖွဲ့တို့အား  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

အဆိုပါ ရာမောင်တံတား အသစ်ကြီးကို မင်းပြားမြို့နယ်အတွင်း   လေးမြို့မြစ်ကို ဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေး(၂)၏ တံတားအထူးအဖွဲ့(၇)က တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတားအရှည် ၁၂၈၃ ဒသမ ၃ ပေ ရှိ၍ ခန့်မှန်းစီမံကိန်းတန်ဖိုး ၁၂၀၀၀ ဒသမ ၀၀ ကျပ်သန်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ရာမောင်တံတားသစ်ကို အသုံးပြု၍ ရန်ကုန်-စစ်တွေလမ်းမှတစ်ဆင့် မင်းပြား၊မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့ လည်းကောင်း၊   ထိုမှတစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ လည်းကောင်း အလွယ်တကူ သွားလာနိုင်မည် ဖြစ်သကဲ့သို့ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်

များကို    အလွယ်တကူတင်ပို့နိုင်မည်ဖြစ်ကြောင်းနှင့် မင်းပြားမှတစ်ဆင့် ပေါက်တောမြို့နှင့် မြေပုံမြို့ သို့လည်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်၍   ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ရခိုင်ပြည်နယ်နှင့် ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများ တိုးတက် ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။