နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်အပေါ် နိုင်ငံတော်အကြီးအကဲက “သံမဏိထုတ်လုပ်မှု လုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ပင် ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာ များစွာ လိုအပ်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့်သာ မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီ ခွင့်ပြု၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန်လိုကြောင်း” လမ်းညွှန်မှာကြား ခဲ့သည်။
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိရာတွင် ယခင်က ရပ်နားထားရသော စက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ချက်တစ်ခု ပါဝင်သည်။ ထိုစက်ရုံများတွင် သံမဏိစက်ရုံများလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး လည်ပတ်ခဲ့သော မြင်းခြံသံမဏိစက်ရုံမှာ Semi Product အဆင့်ထုတ်လုပ်နိုင်ခဲ့သည်။ ပင်းပက်က ကုန်ကြမ်း လုံလောက်စွာ မရသေးသည့်အတွက် အရှိန်အဟုန် မြှင့်လည်ပတ်ခြင်း မပြုမီ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ခေတ္တရပ်ဆိုင်းထားရသည်။
ထိုစက်ရုံပြန်လည် လည်ပတ်ရေးအတွက် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကျိုးအကြောင်း ခိုင်မာစွာဖြင့် စက်ရုံလည်ပတ်ရန် ၁ ရာခိုင်နှုန်းသာ လိုအပ်တာမို့ နိုင်ငံစီးပွားရေး တိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက် သင့်ကြောင်း လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ ထိုအချိန်က စက်မှုဝန်ကြီးကလည်း မြေပြင်အချက်အလက်တွေအရ စက်ရုံကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း တင်ပြထောက်ခံခဲ့သည်။ မည်သို့ပင် အထောက်အထားနှင့် အကျိုးအကြောင်း တင်ပြသော်လည်း နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ်ကို မျှော်မကြည့်ဘဲ လွှတ်တော်ကြီးက ပယ်ချခဲ့သည်။ စက်ရုံပိတ်ထားရန် မဲခွဲဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်ကသာ စက်ရုံလည်ပတ်ခွင့်ရခဲ့ပါက မြန်မာ့အကြီးဆုံး အဆင့်မြင့်သံမဏိစက်ရုံဖြစ်လာမည်။ ၉၉ ရာခိုင်နှုန်းပြီးစီးနေသော စက်ရုံကြီးကို ၁ ရာခိုင်နှုန်းအရင်းမထည့်ဘဲ ရပ်တန့်ခဲ့သည့်အပြင် နောက်ဆုံးတွင် စက်မှုဝန်ကြီးဌာနကိုပင် အခြားဝန်ကြီးဌာန လက်အောက်သို့ သွတ်သွင်းခဲ့သည်။
မြင်းခြံစက်ရုံနှင့် ပင်းပက်စက်ရုံတို့မှာ နည်းပညာသည် ကမ္ဘာပေါ်မှာ မည်သူမျှ မသုံးသေးသော နည်းပညာ ဖြစ်နေပြီး စီးပွားရေး တွက်ခြေကိုက်မကိုက် မသိရသေးဘူးဆိုကာ ၉၅ ရာခိုင်နှုန်းပြီး နေသော သံရိုင်းစက်ရုံကိုပါ ပိတ်ပစ်လိုက်သည်။ ထို့အတူ တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာ အနီးတွင် တည်ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)ကိုလည်း၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းတည်ဆောက်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။ ပြည်သူအားလုံးအတွက် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်သည်။
ထိုစဉ်ကတည်းကသာ သံမဏိစက်ရုံများ ဆက်လက် လည်ပတ်ခဲ့ကြလျှင် ပေါများလှသော သံကျောက်ရိုင်းများမှ အကောင်းစားသံမဏိများကိုယ်ပိုင်ထုတ်လုပ်ပြီး ပြည်ပသို့ပင် တင်ပို့ရောင်းချ နိုင်ပေမည်။ ပြည်ပမှ ဝင်ငွေအများကြီးရလာမည့် အနေအထား ဖြစ်သည်။ မြန်မာနိုင်ငံတွင် သံမဏိ ထုတ်လုပ်ရန်အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များရှိပြီး ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး များအလိုက် လိုအပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး သံမဏိများထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်မည် ဆိုပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် ထွန်းကားလာမည် ဖြစ်သည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပြည်ပမှသံနှင့် သံမဏိပစ္စည်းများ ဒေါ်လာ ၉၉၅ သန်းခန့် တင်သွင်းခဲ့ရ ကြောင်းသိရှိရသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ပြည်တွင်းသံမဏိ ထုတ်လုပ်ခြင်း လုပ်ငန်းကို မြှင့်တင်၍ ပြည်ပမှ တင်သွင်းမှုများကို လျှော့ချရန် လမ်းညွှန်ခဲ့သည်။ မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်းများ ပြန်လည်နိုးကြား တစ်ခေတ်ဆန်း လာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက် ပိုမိုတိုးတက် လာစေရေးအတွက် မြင်းခြံသံမဏိစက်ရုံမှ အဓိကအင်အားစုအဖြစ် အားဖြည့် နိုင်တော့မည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်လေ နိုင်ငံတော်စီးပွားရေး မြင့်မားလေဖြစ်သည့်အတွက် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။ ။