၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ စိန်ရတုပြည်ထောင်စုနေ့သည် မကြာမီရက်များအတွင်း ရောက်ရှိတော့မည် ဖြစ်သည်။ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ခိုင်မာခြင်းကြောင့် ဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့သည် နိုင်ငံအတွက် မရှိမဖြစ်သော အရာများ ဖြစ်သည်။ ထိုအရာနှစ်ခု ခိုင်မြဲနေမှသာ နိုင်ငံတော်၏ အချုပ်အခြာအာဏာဖြစ်သော လွတ်လပ်ရေးကြီး တည်တံ့နေမည် ဖြစ်ပါသည်။ ထို့ကြောင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထာဝစဉ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကို ပထမဦးစားပေး ဖော်ပြထားသည်။
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ဟူသောစကားရပ် အဘယ်ကြောင့် ပေါ်ပေါက်လာရသလဲဟု ဆန်းစစ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်တို့ အုပ်ချုပ်မှုအောက် ကျရောက်ခြင်းကြောင့် ဟူသော အဖြေကို တွေ့ရသည်။ အင်္ဂလိပ်တို့သည် နယ်ချဲ့များပီပီ တိုင်းရင်းသား အချင်းချင်း သွေးခွဲအုပ်ချုပ်ခဲ့သည်။
အသွားအလာ ကန့်သတ်ထားခြင်းများ၊ အခွင့်အရေး မညီမျှခြင်းများကြောင့် နယ်ချဲ့တို့ လုပ်ဆောင်မှု အောင်မြင်ခဲ့သည်။ ထိုသွေးခွဲခဲ့မှုများသည် ယနေ့တိုင် မျိုးဆက်သစ်လူငယ်တို့ စိတ်ဝယ် အထင်အမြင် လွဲမှားလျက်ရှိသည်။
မြန်မာနိုင်ငံသူ့ကျွန် အဖြစ်သို့ မရောက်မီက မြန်မာတစ်နိုင်ငံလုံးသည် ရေကိုသားသော် အကြားမထင်သကဲ့သို့ စည်းလုံးညီညွတ်မှုရှိကြသည်။ ၁၉၇၂ ခုနှစ် (၂၅) နှစ်မြောက် ငွေရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရေးသားခဲ့သော စာရေးဆရာသတင်းထောက်စံအောင်၏ ပဒေသရာဇ်ခေတ်ရှမ်း-မြန်မာချစ်ကြည်ရေး ဆောင်းပါးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခိုင်ခိုင်မာမာ ရှိခဲ့ကြောင်း ရေးသားထားသည်။ ထိုဆောင်းပါးတွင် သက်သေသာဓကအဖြစ် ရှမ်းတိုင်းရင်းသား ဦးစိတ္တနှင့် တွေ့ဆုံမေးမြန်း၍ အဆိုပါ ရှမ်းတိုင်းရင်းသားကြီး၏ ပြောဆိုချက်များကို ဖော်ပြထားပါသည်။
မင်းတို့ တပ်မတော်သားတွေနဲ့ ကြုံကြိုက်တုန်း ပြောရဦးမယ်။ ရတနာပုံမန္တလေးက ငါ့အဘိုးဟာ ဗမာ့တပ်မတော်မှာ အမှုထမ်းခဲ့တာကွ။ အခုမင်းတို့ လက်မောင်းမှာ တပ်ဆင်ထားတဲ့ ဗန္ဓုလမောက်တိုနဲ့ ဓားလှံဟာ ဟိုတုန်းကတပ်မတော်သားတွေ ဝတ်ဆင်ကိုင်တွယ်ရတဲ့ စစ်ပစ္စည်း တွေပေါ့။ ဟိုတုန်းက ဆင်တပ်မြင်းတပ်တွေနဲ့၊ ခုတော့ အားမတ်ကားတွေ၊ ဒေါ့ဂျစ်တွေနဲ့၊ စစ်အတတ်သိပ္ပံပညာ ထွန်းကားလာလေတော့ ဂျီသရီးတို့ ကာဘိုင်တို့ကိုင်ပြီး မောက်တိုနဲ့ ဓားလှံတံဆိပ်ကို တပ်မတော် အထိမ်းအမှတ် အဖြစ်နဲ့ မင်းတို့လက်မောင်းမှာ တပ်ပေးထားတယ် မဟုတ်လား။ နယ်စပ်ဒေသတွေ ပြဿနာပေါ်ရင် လက်နက်ကိုင်ပြီး ဆူပူသောင်းကျန်းမှုတွေဖြစ်လာရင် ဘုရင့်ရဲ့ဗဟိုအစိုးရက စော်ဘွား၊ စော်ခံတွေဆီကို တပ်မတော်ကိုလွှတ်လိုက်တာ၊ အခုမင်းတို့ ရဲဘော်တွေတာဝန်နဲ့ လာကြသလိုပေါ့။ ဟိုတုန်းကတော့ အင်းဝ၊ ရွှေဘို၊ မန္တလေးတို့က သူ့ခေတ်အလိုက် ရှမ်းပြည်ကို တက်လာကြပြီး သွေးရေတစ်ပြင်စီး စုပေါင်းကာကွယ် စုပေါင်း စစ်ဆင်ခဲ့ကြတယ်။
ဤသည်ကို ကြည့်ရှုခြင်းအားဖြင့် မြန်မာတိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှု ရှိခဲ့သည်မှာ ထင်ရှားလှသည်။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲသည် ပြည်မြို့အနီးရှိ နဝင်းချောင်း၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားသည်။ အဆက်မပြတ်ပစ်ခတ်နေသော အင်္ဂလိပ်တို့၏ သေနတ်ကျည်ဆန်များ အမြောက်ဆန်များကို အမှုမထားဘဲ စစ်မိန့်ပေးနေသည့် တပ်မှူးများနှင့် မြင်းဖြင့်တိုက်ပွဲကို လိုက်လံကွပ်ကဲနေသော အခြားတပ်မှူး နှစ်ယောက်ကို အင်္ဂလိပ်တို့ တွေ့မြင်နေရသည်။ တိုက်ပွဲမှာ ပြင်းထန်လွန်းသဖြင့် လက်တစ်ကမ်း တိုက်ခိုက်ရင်း အဆိုပါ တပ်မှူးများ ကျဆုံးခဲ့ရသည်။ အင်္ဂလိပ်တို့က မြန်မာတို့၏ သူရသတ္တိကိုမှတ်တမ်းပြုကာ အသေးစိတ် လေ့လာသောအခါ အဆိုပါ တပ်မှူးများမှာ ရှမ်းအမျိုးသမီးများ ဖြစ်ကြပြီး ဗိုလ်မှူးမဟာနေမျိုးနှင့် အခြားနှစ်ဦးမှာ ရှမ်းပြည်တောင်ပိုင်း ပင်လုံဒေသ လဲချားနယ်မှ ရှမ်းအမျိုးသမီး တပ်မှူးနှစ်ဦး ဖြစ်ကြောင်း မှတ်တမ်းပြုခဲ့သည်။
တိုင်းရင်းသားစည်းလုံးမှု ဤမျှမကရှိခဲ့သော မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က သွေးခွဲအုပ်ချုပ်ပြီး တိုင်းရင်းသားအချင်းချင်း သူစိမ်းပြင်ပြင် ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရတော့မည့် အခြေအနေတွင် အင်္ဂလိပ်တို့က တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ်နိုင်ရေး စည်းရုံး ခဲ့သေးသည်။ နောက်ဆုံးတွင် မြန်မာတိုင်းရင်းသားတို့ စည်းလုံးညီညွတ်ကာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သွေးစည်းညီညွတ်မှု မော်ကွန်းတင်နိုင်ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် သီချင်းစာသားအတိုင်း အသက်ရှည်ရှည် ခင်ခင်မင်မင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲ ပါစေကြောင်း ရေးသား လိုက်ရပေသည်။ ။