၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၇
    
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်(လေ) စက်ပစ်ကွင်း၌ ပြုလုပ်ရာ ဌာနချုပ်မှူး ဗိုလ်မှူးကြီး စွမ်းလှိုင်မင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။
    
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဌာနချုပ်မှူးက မိုးပျံပူဖောင်းအား သေနတ်ဖြင့် ပစ်ဖောက် ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များဖြစ်သည့် မီတာ ၁၀၀ ကာဘိုင်ပစ်ခတ်စဉ်(အမျိုးသား)ပွဲစဉ်၊ ပစ္စတို (ထိ/လဲ)ပစ်ခတ်စဉ် (အမျိုးသား၊ အမျိုးသမီး)ပွဲစဉ်များကို ကြည့်ရှုအားပေးသည်။
    
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက် ရှိ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတွင် ပစ္စတိုပစ်ခတ်စဉ်(အမျိုးသား၊ အမျိုးသမီး) ၊ ကာဘိုင် ပစ်ခတ်စဉ်( အမျိုးသား၊ အမျိုးသမီး)၊ ရိုင်ဖယ်ပစ်ခတ်စဉ်(အမျိုးသား) နှင့် စက်ကလေး ပစ်ခတ်စဉ်(အမျိုးသား) စသည့်ပစ်ခတ်စဉ်များကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။