ရန်ကုန်၊ ဘောလုံး
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၈)တွင် ဟံသာဝတီယူနိုက်တက် အသင်းသည် ရတနာပုံ အသင်းကို အနိုင်ရခဲ့သည့်အတွက် ကစားသမားများ၏စိတ်ဓာတ် ပိုမိုတက်ကြွလာကြောင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောသည်။
စက်တင်ဘာ ၂၃ ရက်က သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဟံသာဝတီ ယူနိုက်တက်အသင်းသည် ရတနာပုံအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲတွင် ဟံသာဝတီယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို ဟိန်းထက်အောင်က နှစ်ဂိုးနှင့် အီမီကာက တစ်ဂိုးသွင်းယူကာ ရတနာပုံအသင်းအတွက် တစ်လုံးတည်းသောဂိုးကို စည်သူအောင်က သွင်းယူခဲ့သည်။
“ဒီပွဲကို အနိုင်ရတဲ့အတွက် ကျွန်တော့် ကစားသမားတွေ လက်ကျန်ပွဲတွေကို ကစားဖို့ စိတ်ဓာတ်ပိုမိုတက်ကြွလာပါတယ်။ အကောင်းဆုံးလည်း ကြိုးစားချင်စိတ်ပိုရှိလာပါတယ်။ လက်ရှိမှာ အသင်းက ပွဲပန်းတာမျိုးတွေရှိပေမယ့် ကျွန်တော်တို့အသင်းက စည်းလုံးမှုနဲ့ ကစားတာဖြစ်လို့ ကစားသမားတစ်ယောက်ပွဲပန်းလည်း တခြားကစားသမားတွေနဲ့ အစား ထိုးနိုင်ပါတယ်။ လက်ကျန်နှစ်ပွဲပဲ ကျန်တော့တာဖြစ်လို့ ပွဲစဉ်တိုင်းကို အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ပါမယ်” ဟု ဦးမျိုးမင်းထွန်းက ပြောသည်။
ဟံသာဝတီယူနိုက်တက်အသင်းသည် ပွဲစဉ်(၁၈)အပြီးတွင်ရမှတ် ၄၀ ရရှိထားပြီး ယခုနှစ် ဘောလုံးရာသီ လက်ကျန် ပွဲစဉ်နှစ်ပွဲအဖြစ် စက်တင်ဘာ ၂၆ ရက်တွင် မကွေးအသင်း၊ အောက်တိုဘာ ၁ ရက်တွင် ဧရာဝတီယူနိုက်တက် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကိုရဲ