၁၉၇၅ ခုနှစ်မတိုင်မီနှင့်နှိုင်းယှဉ်ပါက ယခုအခါ ကမ္ဘာတစ်ဝန်း အဝလွန်ရောဂါရှိသူ ၃ ဆ ခန့်ပိုမိုများပြားလာပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တွင် အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူ ၁ ဒသမ ၉ ဘီလျံခန့်သည် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုများနေကြပြီး သန်းပေါင်း ၆၅၀ ခန့်ကတော့ အဝလွန်ရောဂါ (Obesity) ခံစားနေကြရပါတယ်။ ရာခိုင်နှုန်းနဲ့ ပြောရရင် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူ အားလုံးရဲ့ ၃၉ ရာခိုင်နှုန်းဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုမိုနေကြပြီးတော့ ၁၃ ရာခိုင်နှုန်းဟာ အဝလွန်ရောဂါ ခံစားနေရတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် အချက်အလက်များအရ သိရပါတယ်။ အသက် ၅ နှစ်အောက်ကလေး ၃၉ သန်းခန့်ဟာ အဝလွန်နေတာ သို့မဟုတ် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုနေတာကိုလည်း တွေ့ရပါတယ်။ ထို့ပြင် အချက်အလက်များအရ အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကလေးသူငယ်များနဲ့ ကြီးကောင်ဝင်စအရွယ်တွေမှာ သန်း ၃၄၀ ခန့်ဟာ အဝလွန်နေတာ သို့မဟုတ် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုနေကြတာကိုလည်း သိရပါတယ်။ အဝလွန်ခြင်း (Obesity) သို့မဟုတ် ရှိသင့်သည့် ကိုယ်အလေးချိန်ထက်ပိုနေခြင်း (overweight) တွေဟာ ပိန်သူတွေ သို့မဟုတ် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် နည်းသူတွေထက် သေဆုံးနိုင်ခြေ ပိုမိုများပါတယ်။ သိရှိထားရမှာကတော့ အဝလွန်ခြင်းဟာ ကာကွယ်နိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
အဝလွန်ခြင်းနဲ့ ရှိသင့်သည့်ကိုယ်အလေးချိန် ထက်ပိုများနေခြင်း ဆိုတာဘာလဲ
အဝလွန်ခြင်းနဲ့ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုများနေခြင်းဆိုတာ ခန္ဓာကိုယ်မှာ တစ်မူထူးခြားပြီး သာမန်မဟုတ်တဲ့ အဆီစုဝေးနေခြင်းကြောင့် ကျန်းမာရေးချို့ယွင်းနိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ၎င်းကိုတိုင်းတာနိုင်တဲ့ အချက်အလက်ကတော့ Body Mass Index (BMI) လို့ ခေါ်တဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်ချက်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုတွက်ရလဲဆိုတော့ ကိုယ်အလေးချိန်ကို ကီလိုဂရမ်(kg) ယူနစ်ဖြင့် တိုင်းတာပါ။
၎င်းင်းကို မိမိအရပ်အမြင့်ကို မီတာ(m)ယူနစ် နဲ့တိုင်းတာပြီး နှစ်ဆပြုထားတဲ့ကိန်းဂဏန်း ဖြင့်စားကြည့်ပါ။ ရလာတဲ့ရလဒ်က ၂၅ ထက်ကျော်နေရင် ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုနေတယ်လို့သတ်မှတ်ပြီး ၃၀ ထက်ကျော်ရင်တော့ အဝလွန်ရောဂါခံစားနေရပြီလို့ သတ်မှတ်ပါတယ်။
BMI=ကိုယ်အလေးချိန်(ကီလိုဂရမ်)÷အရပ်အမြင့်နှစ်ထပ်ကိန်း(မီတာ)
တစ်ချိန်တုန်းကတော့ အဝလွန်ရောဂါဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ပြဿနာလို့ဆိုခဲ့ကြ ပေမယ့် ယခုအခါမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အထူးသဖြင့် ၎င်းနိုင်ငံများရဲ့ မြို့ပြနေရာတွေမှာလည်း အဝလွန်ရောဂါ ခံစားနေရသူတွေ များလာပါတယ်။ အာဖရိကဒေသနိုင်ငံ များမှာတောင်မှ အသက် ၅ နှစ်အောက် အဝလွန်နေသူတွေဟာ ၂၀၀၀ ပြည့်နှစ်ကနဲ့ စာရင် ၂၄ ရာခိုင်နှုန်းခန့် တိုးပွားလာတာတွေ့ရပါတယ်။ အာရှဒေသမှာဆိုရင်လည်း ၂၀၁၉ အချက်အလက်များအရ အသက် ၅ နှစ်အောက် ကလေးဦးရေရဲ့ တစ်ဝက်နီးပါးဟာ အဝလွန်ရောဂါ ခံစားနေရတာ တွေ့လာရပါတယ်။
ဘယ်အရာတွေကအဝလွန်စေတာလဲ
အဓိကအချက်ကတော့ စားသောက်တဲ့အထဲမှာပါတဲ့ ကယ်လိုရီပမာဏဟာ ကိုယ်ခန္ဓာအတွက် သုံးစွဲလိုက်ရတဲ့ ကယ်လိုရီပမာဏထက်များတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆိုလိုတာကတော့ များများစားပီး နည်းနည်းပဲ ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားအစားအသောက်နေထိုင်မှု ပုံစံမှာဆိုရင်
ကယ်လိုရီ စွမ်းအင်ပမာဏများတဲ့ အဆီနဲ့သကြားဓာတ်များသော အစားအသောက် စားသုံးမှုပုံစံတွေ တိုးပွားလာနေပါတယ်။ အလုပ်သဘောသဘာဝတွေဟာ ထိုင်လုပ်ရတဲ့ အလုပ်တွေ၊ ကိုယ်လက်လှုပ်ရှား သိပ်လုပ်စရာမလိုတဲ့ အလုပ်တွေများလာတဲ့အပြင် မြို့ပြယဉ်ကျေးမှု တိုးတက်လာတာတွေနဲ့ မြို့ပြသယ်ယူ ပို့ဆောင်ရေးပုံစံတွေ ပြောင်းလဲလာတာကြောင့် အဝလွန်မှုတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
အဝလွန်ခြင်းနဲ့ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုနေပါက ဖြစ်ပွားလာနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ
အဝလွန်ခြင်းနဲ့ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုနေခြင်းတွေဟာ မကူးစက်တတ်သောရောဂါများဖြစ်တဲ့ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကြွက်သားနဲ့ အရိုးဆိုင်ရာရောဂါ များဖြစ်တဲ့ ကျီးပေါင်းတက်ခြင်း၊ အရိုးအဆစ်များ အချိန်မတိုင်မီပျက်စီးခြင်း၊ ရင်သားကင်ဆာ၊ သားဥအိမ် ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အူမကြီးကင်ဆာ စတဲ့ကင်ဆာအမျိုးမျိုး တို့ကိုဖြစ်စေပါတယ်။ အဝလွန်ခြင်းဟာလည်း ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်အလေးချိန်တိုးလာတာနဲ့ ဖော်ပြပါရောဂါများ ဖြစ်လာနိုင်ခြေတိုးပွားလာပါတယ်။ ကလေးဘ၀ အဝလွန်ခြင်းများဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း ဆက်လက်ပြီး အဝလွန်ရောဂါ ရစေနိုင်တဲ့အပြင် အရွယ်မရောက်ခင် သေဆုံးခြင်းနဲ့ ကလေးဘဝမှာပဲ မသန်စွမ်းခြင်းများကို ဖြစ်စေနိုင်ပါ တယ်။ ထို့ပြင် အဝလွန်ကလေးများဟာ အသက်ရှူရခက်ခဲခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးနဲ့သွေးကြော ဆိုင်ရာများအပြင် ဆီးချိုဖြစ်စေနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ ဖြစ်စေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အာဟာရချို့တဲ့ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ၂ ဆတိုးကြုံတွေ့ရင်ဆိုင်နေရခြင်း
ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်တိုင်းပြည်တွေမှာ ယခုအခါ အာဟာရချို့တဲ့ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ၂ ဆတိုးခံစားနေရပါတယ်။ ဒီတိုင်းပြည်တွေမှာ ကူးစက်ရောဂါတွေနဲ့ အစာရေစာမလုံလောက်မှု ပြဿနာတွေကို ကြုံတွေ့နေရချိန်မှာပဲ ၎င်းနိုင်ငံများရဲ့ မြို့ပြတွေမှာ နေထိုင်သူများဟာ မကူးစက်ရောဂါများနဲ့ အဝလွန်ခြင်း ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မိသားစုတစ်ခုတည်းမှာ၊ လူမှုအဖွဲ့အစည်း တစ်ခုတည်းမှာနဲ့ နိုင်ငံတစ်ခုတည်းမှာတောင်မှ အဆိုပါ အာဟာရချို့တဲ့မှုနဲ့ အဝလွန်မှု ၂ မျိုးစပ်ကို ရင်ဆိုင်နေကြရတာ တွေဟာလည်း မနည်းပါဘူး။ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေမှာ နေထိုင်ကြတဲ့ ကလေးများဟာ ကလေးသူငယ်ဘဝတွေမှာ အစာရေစာမလုံလောက်မှုဒဏ် ခံရနိုင်ခြေ များပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါ ကလေးများဟာ အဆီများများ၊ သကြားများများ၊ ဆားဓာတ် များများနဲ့ အခြားအာဟာရဓာတ်တွေ မပါဝင်သလောက်နည်းပါးတဲ့ ဈေးပေါတဲ့ အစားအသောက်များကို စားသောက်ရင်း ကြီးပြင်း လာကြရပါတယ်။ ဒီလိုအစားအသောက်များနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကလေးသူငယ်အဝလွန်ခြင်းဟာ ဦးရေတိုးပွားလာ နေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုများနေခြင်းနဲ့ အဝလွန်ခြင်းများကို ဘယ်လိုလျှော့ချမလဲ
အဝလွန်ခြင်းနဲ့ ၎င်းနဲ့ဆက်စပ်နေတဲ့ မကူးစက်နိုင်တဲ့ရောဂါများဟာ ကြိုတင် ကာကွယ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း တွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်အောင် ပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းများ အတွင်းမှာ ဖန်တီးပေးထားဖို့ လိုပါတယ်။ လူတစ်ဦးချင်းအနေနဲ့တော့ အဆီနဲ့သကြားဓာတ်များ စားသုံးခြင်းကို သတိထား လျှော့ချခြင်း၊ အသီးအနှံများကို ပိုမိုစားသောက်ခြင်းနဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းကို တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့်၊ ကလေးများဆိုလျှင်လည်း မိနစ် ၆၀ ခန့်ပြုလုပ်ပေးခြင်း စသည်ဖြင့် အဝလွန်ခြင်းနဲ့ ဆက်စပ်ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မူဝါဒချမှတ်သူ အခွင့်အာဏာပိုင်များ အနေဖြင့် ဖော်ပြပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အချက်များအား တစ်ဦးချင်းစီ လွယ်လင့်တကူ လုပ်ဆောင်နိုင်ရန် အစီအမံများ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဝင်ငွေနိမ့်ပါးသူများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များသာ ဈေးကွက်ထဲမှာ ရှိနေဖို့နဲ့ ကိုယ်လက်လှုပ်ရှားပြုလုပ်ရန် အခွင့်အလမ်းကောင်းများ နေရာများဖန်တီးပေးထားရန်လိုအပ်ပါတယ်။ ထိုသို့လုပ်ဆောင်ရန်အတွက် ဥပမာအနေဖြင့် ပြောရရင် အချိုကဲ အစားအသောက်များ၊ အချိုရည်များအပေါ်မှာ အခွန်တိုးကောက်ခံခြင်းပဲဖြစ်ပါတယ်။ ထို့ပြင် အစား အသောက် ထုတ်လုပ်သူများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်များ ထုတ်လုပ်ခြင်းနဲ့ပတ်သက်လို့ အဆီ၊ သကြားနဲ့ အငန်ဓာတ်ပါဝင်မှု လျှော့ချထုတ်လုပ်ခြင်း၊ စားသုံးသူများအတွက် ဈေးနှုန်းအရရော ပမာဏအရပါ ရွေးချယ်ဝယ်ယူရန် လွယ်ကူစေမယ့် ထုတ်လုပ်မှု ပုံစံများကို အားပေးခြင်း၊ အထူးသဖြင့် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ အဆီ၊ သကြားနဲ့ ဆားဓာတ်များတဲ့ အစားအသောက်များကို ဈေးကွက်အတွင်းတွင် ကန့်သတ်ခြင်း စသည်တို့ကို လုပ်ဆောင် ပေးရမှာဖြစ်ပါတယ်။ ခြုံပြီးပြောရရင်တော့ လုပ်ငန်းခွင်မှာ ပုံမှန်ကိုယ်လက်လှုပ်ရှား ပြုလုပ်နိုင်တဲ့ ဝန်းကျင်နေရာ ဖန်တီးပေးသင့်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို ရွေးချယ်ဝယ်ယူ စားသောက်နိုင်စေရန်လည်း စီမံဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အဝလွန်ခြင်းနဲ့ နှီးနွှယ်ရောဂါများကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။ ။