ရန်ကုန်၊ ဘောလုံး
ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဆောက်သမ်းမြန်မာအသင်း အနေဖြင့် ပထမဆုံးနိုင်ပွဲကို မကွေးအသင်းနှင့်ပွဲစဉ်၌ စတင်ရရှိခဲ့သည်။
ပထမဆုံးနိုင်ပွဲရခဲ့သည့် ပွဲစဉ်များတွင် ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် နိုင်လို စိတ်ကြောင့်သာဖြစ်ကြောင်း ဆောက်သမ်းမြန်မာအသင်း နည်းပြချုပ် ဦးကျော်မင်းက မကွေး အသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရသည့်ပွဲစဉ်အပြီးတွင် ပြောသည်။
“ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းထန်မှုကြောင့်သာ နိုင်ပွဲရရှိခဲ့တာပါ။ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပွဲရလဒ်အပေါ် ချီးကျူးဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အတွက် နိုင်သင့်နိုင်ထိုက်တဲ့ပွဲလည်းဖြစ်ပါတယ်” ဟု ဦးကျော်မင်းက ပြောသည်။
YUSC ကွင်း၌ကျင်းပခဲ့သည့် ပွဲစဉ်(၁၈) တွင် အောင်မြတ်သူ၏ သွင်းဂိုးတစ်ဂိုး နှင့်အတူ ဆောက်သမ်းမြန်မာအသင်း အနိုင်ရခဲ့ခြင်းဖြစ်ပြီး သေချာပေါက်ဂိုးဖြစ်စေမည့် အလားတူ အခွင့်အရေးများ ထပ်မံရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
“ပွဲရလဒ်က ကျွန်တော်တို့အတွက် ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့တဲ့ ပွဲလို့ပြောရမှာဖြစ်ပါ တယ်။ ပထမပိုင်းမှာ အခွင့်အရေး သုံးကြိမ်ထက်မနည်းရခဲ့တယ်။ အသင်းရဲ့ ခံစစ်ကစား ပုံရော၊ တောင်ပံတွေက ရွေ့လျားမှုတွေလည်း ကောင်းခဲ့တယ်”ဟု ဦးကျော်မင်းကပြောသည်။
ဆောက်သမ်းမြန်မာအသင်းသည် လက်ကျန်နှစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်း၊ ရခိုင် ယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကိုရဲ