ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည့် ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ရေး
ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံ့ခေါင်းဆောင် အများအပြားက ဆုံးဖြတ်ထားစဉ် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၂၅ ခု က ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချရေး အတွက် ၎င်းတို့ချမှတ်ထားသည့် ရည်မှန်းချက်များကို ပြည့်မီအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ကုမ္ပဏီကြီးများသည် နိုင်ငံစုံပါဝင်သည့် စီးပွားရေး ကုမ္ပဏီကြီးများဖြစ်ပြီး ၎င်းတို့အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်နေခြင်းကို ၁ဝဝ ရာခိုင်နှုန်းအထိ လျှော့ချရန် ဆုံးဖြတ်ထားသော်လည်း လက်တွေ့တွင် ၄ဝ ရာခိုင်နှုန်းခန့်သာ လျှော့ချနိုင်သေးသည်ဟု ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါနိုင်ငံစုံ ကုမ္ပဏီကြီး ၂၅ ခု အနက် သုံးခုဖြစ်သည့် မေယာ့၊ ဗိုဒါဖုန်းနှင့် ဂျာမနီတယ်လီကွန် ကုမ္ပဏီတို့ကသာ ၎င်းတို့ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏကို ၉ဝ ရာခိုင်နှုန်းအထ ိလျှော့ချနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ် ငွေ့ထုတ်လွှတ်မှုသည် ရာသီဥတုပြောင်းလဲမှု အပေါ် ဆိုးဆိုးရွားရွား သက်ရောက်စေလျက်ရှိသည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက သိရှိ နားလည်လာပြီးနောက်ပိုင်းတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံအများ အပြားရှိအစိုးရ အဖွဲ့များက ၎င်းတို့ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။
အဓိကအားဖြင့် ချမ်းသာကြွယ်ဝသည့် စက်မှုအင်အားကြီးနိုင်ငံများက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို အများဆုံး ထုတ်လွှတ်လျက်ရှိသည်။
ထို့ကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအများအပြားက လုပ်ဆောင်ရာတွင် ဥရောပနိုင်ငံများက ဦးဆောင်လျက်ရှိသည်ကို တွေ့ရသည်။
ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ရန် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရာတွင် ဆွီဒင်နိုင်ငံက ၅ဝ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ယင်းနောက်တွင်ဂျာမနီ ၃၉ ဒသမ ၂၉ ရာခိုင်နှုန်း၊ ဖင်လန်နိုင်ငံ ၃၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ ပြင်သစ် ၃၂ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြင့် ရပ်တည်နေသည်။
ထို့နောက် အနောက်စက်မှု အင်အားကြီး နိုင်ငံများဖြစ်သည့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ၂၃ ဒသမ ဝ၈ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံ ၈ ဒသမ ၅၁ ရာခိုင်နှုန်းနှင့် သြစတြေးလျနိုင်ငံက ၄ ဒသမ ၅၅ ရာခိုင်နှုန်း အသီးသီးဖြင့် ရပ်တည်နေသည်။
၂ဝ၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပဲရစ် သဘောတူညီချက်အရ ကမ္ဘာ့နိုင်ငံများအနေဖြင့် ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစင်တီဂရိတ်အောက်၌သာ ထိန်းသိမ်းကန့်သတ်ထားရန်နှင့် ဖြစ်နိုင်ပါက အပူချိန် ကို ၁ ဒသမ ၅ ဒီဂရီခန့်အထိ ထိန်းသိမ်းရန် သဘောတူထားသည်။
သို့ရာတွင် လက်ရှိအခြေအနေအရ ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီတွင် ထိန်းသိမ်းရန် နိုင်ငံအများအပြားက ရုန်းကန်နေရသည်ကို တွေ့ရသည်။
နိုင်ငံအများအပြားက ၎င်းတို့ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကိုလျှော့ချမည်ဟု ကတိကဝတ်ပြု ထားသော်လည်း ကမ္ဘာ့လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုပမာဏသည် ၂ဝ၁၅ ခုနှစ်မှစ၍ မြင့်တက်လာလျက် ရှိသည်ဟု ကျွမ်းကျင်သူများက ထောက်ပြထားသည်။
အကယ်၍ ကမ္ဘာကြီး၏ အပူချိန်သည် ၁ ဒသမ ၅ ဒီဂရီထက် ကျော်လွန်လာမည် ဆိုပါက ကမ္ဘာ့နိုင်ငံများ အနေဖြင့် မျှော်မှန်းမထားသည့် အကျိုးဆက်များနှင့် ရင်ဆိုင် ကြုံတွေ့လာနိုင်ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မျှော်မှန်းမထားသည့် အကျိုးဆက်များဟုဆိုရာတွင် ပိုမိုဖျက်အား ပြင်းထန်သည့်မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ကာလရှည် ကြာမိုးခေါင်ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခြင်းစသည့် ရာသီဥတုကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များ ပါဝင်နေသည်။
အဆိုပါ သဘာဝဘေးများ ဖြစ်ပွားမှုသည် မကြာခဏ ဖြစ်ပွားလာနိုင်သည့်အပြင် ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိသောကြောင့် လူနှင့်သဘာဝ ပတ်ဝန်းကျင်အပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက ဆိုသည်။
ထိုသို့ သဘာဝကပ်ဘေး ဖြစ်ပွားမှုများသည် တစ်နေရာနှင့် တစ်နေရာ မတူညီဘဲ ကွဲပြားနိုင်သော်လည်း ဆင်းရဲနွမ်းပါးပြီး သဘာဝကပ်ဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရန် အားနည်းသော နိုင်ငံများရှိ လူသားများ၏ လူနေမှုဘဝများကို ခြိမ်းခြောက်လာနိုင်သည့်အပြင် အာတိတ်ဒေသရှိ ရေခဲမြစ်များမှာ ဆယ်စုနှစ်အနည်းငယ် အတွင်း လုံးဝပျောက်ကွယ်သွားနိုင်သည်။
ထို့ပြင် ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲရာသီဥတု ပြောင်းလဲမှုကြောင့် အချို့နိုင်ငံများရှိဒေသများမှာ လူနေထိုင် နိုင်ခြင်းမရှိသော ဒေသအဖြစ်သော် လည်းကောင်း၊ စိုက်ပျိုးမြေများမှာ ကန္တာရမြေအဖြစ်သို့ လည်းကောင်း ပြောင်းလဲသွားမည့် အလားအလာရှိနေသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများက ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏကို ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် ၁ဝဝ ရာခိုင်နှုန်းအထိ လျှော့ချရန် သဘောတူထားသည်။
ယင်းနိုင်ငံများအနေဖြင့် အဆိုပါ သဘောတူညီချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အလားအလာရှိသည်ဟု ကျွမ်းကျင်သူများကခန့်မှန်းထားသည်။
သို့သော် ထိုသို့ဖြည့်ဆည်းပေးနိုင်ရန် အစိုးရအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းကြီးများနှင့် လူတစ်ဦးချင်း တစ်ယောက်ချင်းစီက ကြီးမားသည့် အပြောင်းအလဲများကို လုပ်ဆောင်ရန် လိုအပ်သည်ဟု အဆိုပါ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
လက်ရှိတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချမည့် အဆိုပါ ကတိကဝတ်ကို နိုင်ငံတချို့က ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေရသည့် အခြေအနေတွင်ရှိသောကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်းကို ထိန်းချုပ်ကန့်သတ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။