ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ဘီလီယံ ၃ဝ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ဘီလီယံ ၃ဝ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၇

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ဘီလီယံ ၃ဝ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မိုးကုတ်-ပြင်ဦးလွင် သွားကားလမ်း၊ ညောင်ကုန်း စစ်ဆေးရေးစခန်းတွင် မိုးကုတ်မှပြင်ဦးလွင်သို့ အောင်အောင်(ခ)ရွှေတော(၃၁)နှစ်မောင်းနှင်ပြီး အေးမင်းအောင်(ခ) ဆန္ဒ(၃၄)နှစ်နှင့် ကျော်မင်း(ခ) မင်းမင်း(၃၂)နှစ်တို့ လိုက်ပါလာသည့်  HINOခြောက်ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ဘီလီယံ ၃ဝ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၉ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မမိုးမိုးအောင်(၃၁)နှစ်အား  TOYOTA CROWN မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များ အရ သိမ်းဆည်းရမိ   အိုက်စ်(မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ် မြန်မာ-ထိုင်း နယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်  ၎င်းတို့ လေးဦးကို ဥပဒေအရ  အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။