မက်ဒရစ်၊ အပြောင်းအရွှေ့
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဥရုဂွေးဝါရင့် တိုက်စစ်မှူး ဆွာရက်ဇ်သည် ဘာစီလိုနာအသင်း ကို စွန့်ခွာပြီး လာလီဂါပြိုင်ဘက် အက်သလက် တီကိုအသင်းသို့ ပြောင်းရွှေ့ကစားရန် သေချာ သွားပြီဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ခြင်းကြောင့် ဘာစီလိုနာ အသင်းသည် နည်းပြသစ်အဖြစ် ရော်နယ်ကိုးလ်မန်းကို ခန့်အပ်ခဲ့ပြီးနောက် ပြင်ဆင်မှု များပြုလုပ်ရာတွင် အင်တာမီလန်သို့ ပြောင်းရွှေ့သွားသော ဗီဒယ်ကဲ့သို့ ဆွာရက်ဇ်လည်း အသင်းအနာဂတ်တွင် မပါတော့ဟုဆိုပြီး စာချုပ်သက်တမ်းတစ်နှစ် ကျန်သေးသော်လည်း အသင်းမှ ပြောင်းရွှေ့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အစောပိုင်းက ဆွာရက်ဇ်ကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန်ကြိုးစားခဲ့ပြီး သဘော တူညီမှုရခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းတွင် ဥရောပပြင်ပကစားသမား သတ်မှတ်အရေ အတွက်ပြည့်နေသည့်အတွက် အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကို တစ်ရာသီ အငှားဖြင့် ခေါ်လိုက်ပြီးနောက် ဆွာရက်ဇ်သည် မိုရာတာနေရာကို အစားဝင်သည့်အနေဖြင့် အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ကြေး ပေါင်ငါးသန်းခွဲဖြင့် ပြောင်းရွှေ့ခဲ့ပြီဟု စက်တင်ဘာ ၂၄ ရက်တွင် နှစ်သင်းစလုံးက အတည်ပြု ကြေညာခဲ့သည်။
ဆွာရက်ဇ်သည် ဘာစီလိုနာတွင် ၂၈၃ ပွဲ ကစားပြီး ၁၉၈ ဂိုးသွင်းခဲ့ရာ အက်သလက်တီကို နှင့် ၁၈ ပွဲရင်ဆိုင်ခဲ့ဖူးပြီး ရှစ်ဂိုးသွင်းနိုင်ခဲ့သည်။ သို့သော် ဆွာရက်ဇ်သည် အက်သလက်တီကို အသင်းသို့ ပြောင်းရွှေ့သွားပြီးနောက် တိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် တွဲဖက်၍ ဘာစီလိုနာကို ပြိုင်ဘက်အသင်းအဖြစ် ပြန်လည်ရင်ဆိုင်ရမည် ဖြစ်သည်။
Ref:Dailymail