၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် တောင်ကိုရီးယား အမျိုးသမီးအသင်းကို အနိုင်ရရှိပြီး တရုတ်အမျိုးသမီးအသင်း ကိုးကြိမ်မြောက် ချန်ပီယံဆု ဆွတ်ခူး
အိန္ဒိယနိုင်ငံ၌ကျင်းပသည့် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၆ ရက်က တရုတ်အမျိုးသမီး အသင်းနှင့် တောင်ကိုရီးယား အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ တရုတ်အမျိုးသမီး အသင်းက ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ကိုးကြိမ်မြောက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၂၂ အမျိုးသမီးအာရှဖလား ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် ဇန်နဝါရီ ၂ဝ ရက်က စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အိန္ဒိယအမျိုးသမီး အသင်းအနေဖြင့် ပြိုင်ပွဲမတိုင်မီ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားခဲ့သည့် အတွက် ပြိုင်ပွဲတွင် အုပ်စုအဆင့်မှပင် နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ တရုတ် အမျိုးသမီးအသင်း၊ ဂျပန်အမျိုးသမီးအသင်း၊ တောင် ကိုရီးယားအမျိုးသမီး အသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်းတို့ တက်ရောက်နိုင်ခဲ့ကာ ဆီမီးဖိုင်နယ်ပွဲစဉ် တွင် တောင်ကိုရီးယား အမျိုးသမီးအသင်းက ဖိလစ်ပိုင် အမျိုးသမီးအသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ ကာ တရုတ်အမျိုးသမီး အသင်းနှင့် ဂျပန်အမျိုးသမီး အသင်းတို့ပွဲစဉ်၌ ပွဲချိန်အတွင်း နှစ်ဂိုးစီသရေရလဒ်ကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ကစားရာတွင် တရုတ်အမျိုးသမီးအသင်းက ၄ ဂိုး- ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲတွင် တရုတ်အမျိုးသမီးအသင်းက တောင်ကိုရီးယား အမျိုးသမီးအသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။
၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် ချန်ပီယံ ဆုရရှိခဲ့သည့် တရုတ်အမျိုးသမီး အသင်းနှင့်အတူ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့သည့် ဖိလစ်ပိုင် အမျိုးသမီးအသင်း၊ တောင်ကိုရီးယား အမျိုးသမီး အသင်းနှင့် ဂျပန်အမျိုးသမီး အသင်းတို့အနေဖြင့် ၂ဝ၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ဝင်ခွင့်ရရှိသကဲ့သို့ ကွာတားဖိုင်နယ် အဆင့်တွင် ရှုံးနိမ့်ပြီး ရှုံးထွက်အဆင့်ပွဲစဉ်များ ကစားခဲ့ရာ အနိုင်ရရှိခဲ့သည့် ဗီယက်နမ်အမျိုးသမီး အသင်းသည်လည်း တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့သည်။ ထို့ပြင် ကွာတား ဖိုင်နယ်အဆင့်ဖြင့် ကျေနပ်ခဲ့ရသည့် ထိုင်းအမျိုးသမီး အသင်းနှင့် တရုတ် (တိုင်ပေ) အမျိုးသမီး အသင်းတို့သည်လည်း တခြားဇုန်များမှ အသင်းများနှင့် ရှုံးထွက်အဆင့်ပွဲစဉ်များ ဆက်လက် ကစားရမည် ဖြစ်သည်။
တရုတ်အမျိုးသမီးအသင်းသည် ၂ဝဝ၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး နောက် ယခုအခါ ၁၆ နှစ်အကြာတွင် ချန်ပီယံဆု ပြန်လည်ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲသမိုင်း တစ်လျှောက် ချန်ပီယံဆုကိုးကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။