ပုသိမ်မြို့၌ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင်သော ပုသိမ်ထီးများ ရောင်းအား ကောင်းလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ ရိုးရာအထိမ်းအမှတ် လက်မှုပစ္စည်းတစ်ခုဖြစ်သည့် ပုသိမ်ထီးလုပ်ငန်းသည် လက်ရှိပွင့်လင်း ရာသီတွင် အရောင်းအဝယ် ကောင်းမွန်လျက် ရှိသဖြင့် ပုသိမ်ထီးပြုလုပ် ရောင်းချသူမိသားစုများ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
''ပုသိမ်ထီးလုပ်ငန်းကို ဘိုးဘွား စဉ်ဆက် လုပ်ကိုင်လာတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ ကျွန်တော်တို့ လက်ထက်ကျမှ ခရီးသွားလုပ်ငန်းတွေပေါ်ပေါက်လာတာပါ။ လက်ရှိမှာတော့ ငွေဆောင်၊ ချောင်းသာ အပန်းဖြေခရီးသွားတွေ ပြန်လည် များပြားလာတာကြောင့် ပုသိမ်ထီးကို အမှတ်တရ လက်ဆောင်အနေနဲ့ ဝယ်ယူကြတဲ့အပြင် နိုင်ငံခြားသား ခရီးသွားတွေကလည်း အမြတ်တနိုးထား ဝယ်ယူကြပါတယ်။ ပုသိမ်ထီးလုပ်ငန်းကို စိတ်ဝင်တစား လာရောက်လေ့လာသူတွေ ရှိပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ပေးတော့ ပုသိမ်ထီးတွေ ရောင်းအားကောင်းလာတာပေါ့'' ဟု ရွှေစာပုသိမ်ထီး လုပ်ငန်းရှင် ဦးမင်းနိုင်က ပြောသည်။
ပုသိမ်ထီးအမျိုးအစားများ အနေဖြင့် လူကြီးဆောင်းထီး၊ အလှဆောင်းထီး၊ ကလေးဆောင်းထီး၊ စားပွဲတင် အလှထီးအသေးအပြင် ဟိုတယ်အလှဆင်ထီးနှင့် ရဟန်းသံဃာတော် ဆောင်းထီးများပါ ထုတ်လုပ်ရောင်းချ လျက်ရှိပြီး ခရီးသွားများ ကြိုက်နှစ်သက်သည့် ထီးများအနေဖြင့် ပန်းချီ၊ရှုခင်း၊ ကနုတ်ပန်းထီးများဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ကလေးဆောင်း ထီးတစ်လက်လျှင် ငွေကျပ် ၃၅ဝဝ၊ လူကြီးအလှဆောင်းထီး တစ်လက် လျှင် ငွေကျပ် ၄၅ဝဝ၊ ကနုတ်ပန်းထီးတစ်လက်လျှင် ငွေကျပ် ၆၅ဝဝဝ၊ စားပွဲတင်အလှထီး တစ်လက်လျှင် ငွေကျပ် ၂၅ဝဝ မှ ၅ဝဝဝ အထိရောင်းချရပြီး ဟိုတယ် အလှဆင်ထီးအကြီး တစ်လက်လျှင် ငွေကျပ် ၇ဝဝဝဝ နှင့် ရဟန်း သံဃာဆောင်း ထီးတစ်လက်လျှင် ငွေကျပ် ၆ဝဝဝ ရှိကြောင်း သိရသည်။