လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်း ပေါင် ၈၉ သန်းပေး၍ ခေါ်ခဲ့ရသော်လည်း ဘရိုက်တန်၊ လီဗာပူးတို့နှင့် ပွဲများတွင် ခြေစွမ်းမပြနိုင်သောကြောင့် ဝေဖန်မှုနှင့်ဖိအားများရှိလာသည့် ဂျာမန်လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗတ်ဇ်သည် စက်တင်ဘာ ၂၃ ရက်ညက ဘန်စလေနှင့် ကာရာဘောင်းဖလားပွဲ၌ ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းနိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ဘောလုံးပွဲများကို ရုပ်သံမှ သုံးသပ်တင်ဆက်သည့် လီဗာပူးခံစစ်မှူးဟောင်း ဂျေမီကာရေဂါက ဟားဗတ်ဇ်သည် လီဗာပူးကို နှစ်ဂိုးပြတ်ရှုံးသည့်ပွဲ၌ ချယ်လ်ဆီးအသင်း ကစားပုံ စနစ်ထဲ မည်သည့်နေရာမှ အံမဝင်ကြောင်း ဝေဖန်ခဲ့ရာ ယခု ဘန်စလေဘက်သို့ ဟက်ထရစ်သွင်းလိုက်နိုင်၍ ချယ်လ်ဆီးနည်းပြလမ်းပတ်က ဟားဗတ်ဇ်ထံမှ ၎င်းလိုချင်သည့် အရာများ အားလုံးရလိုက်သည့် ညတစ်ညဖြစ်ကြောင်း ကြုံးဝါးပြောသည်။
ကျောနံပါတ် (၁၀) ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် အကောင်းဆုံး ခြေစွမ်းပြသွား သော ၂၁ နှစ်အရွယ် ဟားဗတ်ဇ်နှင့်ပတ်သက်ပြီး လမ်းပတ်က “ဟားဗတ်ဇ်အတွက် ကျေနပ် မိတယ်။ ဒီည ကျွန်တော်က သူ့ဆီကလိုချင်တာအားလုံး ရလိုက်ပါတယ်။ သူ့မှာ ရာသီကြို ကာလ ပြင်ဆင်မှုမရှိခဲ့ဘူး။ သူကအသင်းကို ရက်ပိုင်းကမှ ရောက်လာတာဖြစ်တယ်။ ဒီညကတော့ သူ့အတွက်အရမ်းအရေးပါတဲ့ လုပ်ရပ်ကို လုပ်နိုင်ခဲ့တာပဲ။ ကျွန်တော်တို့လို ချင်တဲ့ ကစားပုံအတိုင်းလည်း ကစားပြနိုင်ခဲ့တယ်။ တမ်မီအဘရာဟမ်နဲ့လည်း နားလည်မှု အရှိဆုံးပုံစံနဲ့ ကစားသွားတယ်။ ကစားကွက်ဗဟိုချက်မှာ ဘောလုံးကိုလွတ်လွတ်လပ် လပ်နဲ့ ကစားပြသွားနိုင်တယ်။ ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံတဲ့ ညတစ်ညပဲ” ဟု ပြောသည်။ ဘန်စလေနှင့်ပွဲတွင် ဟားဗတ်ဇ်အပြင် အဘရာဟမ်၊ ရော့စ်ဘာကလေနှင့် ဂျရူးတို့ကလည်း တစ်ဂိုးစီသွင်းပြီး ခြောက်ဂိုးပြတ်အနိုင်ရခဲ့ သည်။
ဟားဗတ်ဇ်ကလည်း “ကျွန်တော့်အတွက် ချယ်လ်ဆီးမှာ ပထမဆုံး ဟက်ထရစ်သွင်းနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ အသင်းအနိုင်ရမှု၊ ဟက်ထရစ် သွင်းနိုင်မှုတွေအတွက် ကျေနပ်ပါတယ်။ နောက်ထပ် ဒီလိုစွမ်းဆောင်ရည်မျိုးတွေနဲ့ ဂိုးတွေထပ်ရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်နဲ့ တွဲကစားရတဲ့ တိုက်စစ်မှူး အဘရာဟမ်ကလည်း တကယ့်ကိုခြေစွမ်းကောင်းတဲ့ တိုက်စစ်မှူး ပါ။ သူ့ကစားပုံကိုကြိုက်တယ်။ ကျွန်တော်ကလည်း ကျောနံပါတ် (၁၀) ကစားသမား နေရာမှာ ကစားရပြီး ဒီလိုတိုက်စစ်မှူးနဲ့ တွဲကစားရတာ တကယ့်ကို အဆင်ပြေတယ်။ ချယ်လ်ဆီးနဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်ဆိုတဲ့ ယုံကြည်မှုလည်း မြင့်တက်လာပါတယ်” ဟုပြောသည်။
Ref:BBC