မန်ချက်စတာ၊ ဘောလုံး
စက်တင်ဘာ ၂၂ ရက်က အင်္ဂလန်ဘောလုံးအသင်းများနှင့် ပရိသတ်များအတွက် စိတ်ပျက်စေ မည့် ကြေညာချက်တစ်ရပ်ကို ဗြိတိန်အစိုးရက ကြေညာခဲ့ရာ ကွင်းအတွင်း ပရိသတ်လာ ရောက်ကြည့်ရှုခွင့်ကို ဆိုင်းငံ့လိုက်သဖြင့် ပရီးမီးယားလိဂ် အသင်းကြီးများ ဘဏ္ဍာရေး ပျက်ကပ်ဆိုက်မည့် အရေးကြုံလာရ ပြန်သည်။
COVID-19 ရောဂါအခြေအနေကြောင့် ရာသီတစ်ဝက်တစ်ပျက်နှင့် ရပ်နားလိုက်ရပြီး ပြန်လည် ကစားရာတွင်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရကာ ယခုရာသီသစ် တွင်လည်း ပရိသတ်မပါဘဲ ကစားရဦးမည်ဖြစ်၍ ပွဲနေ့ ဝင်ငွေမည်မျှဆုံးရှုံးရမည်ကို The Sun သတင်းစာက ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီပွဲနေ့ဝင်ငွေစာရင်းနှင့် နှိုင်းယှဉ်ဖော်ပြခဲ့သည်။ ယခုရာသီ ပရိသတ်မပါ နိုင်သေးသည့်အတွက် ပရီးမီးယားလိဂ်အသင်းများ အိမ်ကွင်းပွဲစဉ်မှ ပွဲနေ့ဝင်ငွေ စုစုပေါင်း ပေါင် ၆၉၂ ဒသမ ၅ သန်းအထိ နစ်နာမည်ဟု ဖော်ပြသည်။
မန်ယူအသင်းဆိုလျှင် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက တစ်ရာသီလုံး ပွဲနေ့ဝင်ငွေ ပေါင် ၁၁၀ ဒသမ ၈ သန်း ရရှိခဲ့ခြင်းကြောင့် ယခုရာသီတွင် ပရိသတ်မပါသေးသဖြင့် ဝင်ငွေ အနစ်နာရဆုံးအသင်းဖြစ်နေသည်။ အာဆင်နယ်၊ လီဗာပူးနှင့် စပါးအသင်းတို့သည် လည်း ပေါင်သန်း ၈၀ ဝန်းကျင် နစ်နာမည် ဖြစ်သည်။
ယခုနှိုင်းယှဉ်မှုသည် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက ပွဲနေ့လက်မှတ် ရောင်းခ၊ အစား အသောက်ရောင်းခနှင့် အမှတ်တရပစ္စည်း ရောင်းခများမှရသော အိမ်ကွင်းပွဲများ၏ ဝင်ငွေကို တွက်ချက်ခြင်းဖြစ်သည်။ ၂၀၁၈-၂၀၁၉ ရာသီက မန်ယူသည် အိမ်ကွင်းတစ်ပွဲ ပွဲနေ့ဝင်ငွေ အများဆုံးအဖြစ် တစ်ပွဲ ပေါင် ၄ ဒသမ ၃ သန်းရရှိခဲ့ပြီး အာဆင်နယ်၊ လီဗာပူးနှင့် စပါးတို့လည်း တစ်ပွဲ ပေါင် ၃ သန်းအထိရခဲ့သဖြင့် အသင်းများအတွက် ပရိသတ်မပါသော ကြောင့် ဆုံးရှုံးရမည့်ပွဲနေ့ဝင်ငွေများစွာရှိနေကြောင်း သိရသည်။
Ref:Dailymail