နေပြည်တော် ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသား သရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူ ဆရာ၊ ဆရာမများသည် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)သို့ ဖေဖော်ဝါရီ ၇ ရက်တွင် ရောက်ရှိကြပြီး ဂုဏ်ပြုအခမ်းအနားကို ပါဝင်ဆောင်ရွက်သွားကြမည် ဖြစ်သည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများစိတ်လက်အပန်းပြေစေရေးနှင့် ဗဟုသုတရစေရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ မာရဝိဇယဘူမိဖဿဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းခွင်၊ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ အမျိုးသားပြတိုက်(နေပြည်တော်)နှင့် နေပြည်တော်ရေပန်းဥယျာဉ်တို့သို့ သွားရောက်လေ့လာနိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ လေ့လာရေး အဖွဲ့တွင် အုပ်ထိန်းသူ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၄၀ ဦး ပါဝင်ကြောင်း သိရသည်။