မြန်မာပြည်၏ တပို့တွဲလနှင့် တပေါင်းလတို့သည် ထန်းတောင်သူများအတွက် အလုပ်များသောလများ ဖြစ်ကြပါသည်။
တပို့တွဲလဆန်းသည် ပေါ်ဦးပေါ်ဖျား ထန်းလျက်များ ထွက်ရှိသောကာလဖြစ်ပါသည်။ ဤလရာသီတွင် ထန်းပင်များမှ ထန်းဖူးနှင့် ထန်းခိုင်များ တွဲကျနေသောလဖြစ်သောကြောင့် ထန်းပိုတွဲလ ဟူ၍လည်းကောင်း၊ ထိုမှတစ်ဆင့် တပို့တွဲလဟူ၍ ရွေ့လျား လာသည်ဟုဆိုကြသည်။
နွေဦးကာလဖြစ်သော တပေါင်းလသည် မြန်မာဆယ့်နှစ်လရာသီတွင် နောက်ဆုံးလဖြစ်သည်။ တ ဟူသောအဓိပ္ပာယ်မှာ တန်း၊ ထန်း၊ ထန်းပင်ဖြစ်၍၊ ပေါင်း ဟူသောအဓိပ္ပာယ်မှာ ချက်သည်၊ ကျိုသည် ဖြစ်ပါသည်။ ထို့ကြောင့် တပေါင်းလ ဟူ သောအဓိပ္ပာယ်မှာ ထန်းချက်သမားများ ထန်းရည်ကျိုသောလ၊ ထန်းချက်သောလ ဖြစ်ပါသည်။ အချို့က ထန်းပေါင်းလ ဟုလည်း ခေါ်ဆိုကြသည်။ အကြောင်းမှာ ထန်းပင်ဖိုမှရသော ညှပ်ရည်နှင့် ထန်းမပင်မှရသော သီးနုရည်တို့ကို ပေါင်းစပ်ချက်သဖြင့် ထန်းဖိုရည်နှင့် ထန်းမရည် ပေါင်းစပ်ကျိုချက်သောလဖြစ်၍ ထန်းပေါင်းလ ဟု ခေါ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာဆယ့်နှစ်လရာသီ နောက်ဆုံးလသည် ထန်းပေါင်း၊ ထပေါင်း၊ တပေါင်းဟူ၍ သုံးမည်ရသော လတစ်လဖြစ်ပေသည်။
ထန်းတောင်သူတို့ဘဝ
ထန်းတောင်သူလုပ်ငန်းသည် အလွန်ပင်ပန်းသည့် လုပ်ငန်းဖြစ်ကာ နေဝင်မိုးချုပ် လုပ်ရသည့် လုပ်ငန်းဖြစ်၍ ထန်းလျက်ရရှိလာပုံ လုပ်ငန်းအဆင့်ဆင့်ကို သုတတစ်ရပ်အနေဖြင့် ရေးပြလိုပါသည်။
ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ဇန်နဝါရီလ ပထမပတ်တွင် ထန်းတောင်သူများသည် ထန်းပြင်ခြင်းနှင့် ထန်းတက်ထန်းလှီးခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ကြသည်။ ထန်းတက်ထန်းလှီးခြင်း လုပ်ငန်းမစတင်မီ ထန်းဆွဲမြူအိုးစုဆောင်းခြင်း၊ ထန်းလျက်ကျိုချက်ရန် ထန်းဖတ်၊ ထန်းလက်နှင့် ပဲစင်းငုံပင်များ စုဆောင်းခြင်းပြုကြရသည်။ ထို့ပြင် ထန်းတက်ရန် ရင်းထောင်(လှေကား)၊ ရင်းဆွဲ၊ ထန်းလျက်ချက်ဖို၊ ထန်းလျက်ကျိုချက်ရန် မိုးပြဲဒယ် စသည်တို့ကို လုပ်ငန်းစတင်လုပ်ကိုင်ချိန် အဆင်သင့်ဖြစ်စေရန် ကြိုတင်စုဆောင်းထားကြရသည်။
ထန်းတက်လုပ်သားများသည် ထန်းပင်တစ်ပင်စီကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်တက်ရသဖြင့် အကယ်၍ ထန်းတောင်သူတစ်ဦးတွင် အပင် ၅၀ ရှိပါက တစ်နေ့လျှင် အကြိမ်တစ်ရာ ထန်းပင်တက်လှီးပြီး ထန်းရည်ယူရသည်။ ထန်းလှီးပြီးချလာသည့် ထန်းရည်မြူအိုးများ လိုက်လံ သိမ်းဆည်းသူ၊ ထန်းလျက်ကျိုချက်သူ၊ ထန်းလျက်လုံးသူ၊ မီးထိုးသူများဖြင့် အိမ်ရှိလူကုန် ပင်ပန်းကြသည်။
ထန်းလျက်ချက်ခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်း မြို့နယ်တို့တွင် အဓိကထား လုပ်ကိုင်လျက်ရှိပြီး ယနေ့ကာလ ပေါ်ဦးပေါ်ဖျားထန်းလျက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀ ဖြင့် ရောင်းချနေရသည်။ ထို့ကြောင့် ဈေးကောင်းရသဖြင့် ထန်းတောင်သူများ ပင်ပန်းသော်လည်း တွက်ခြေကိုက်၍ ပျော်ရွှင်ရကြောင်း ဝမ်းမြောက်ဖွယ် သိရပါသည်။
ထန်းလျက်စားဖွယ်စုံ
ထန်းလျက်ကို အင်္ဂလိပ်လို Jeggery ဟုခေါ်သည်။ ထန်းရည်များကို ဒယ်အိုးများ အတွင်းထည့်ကာ ကျိုပေးရသည်။ ထန်းလျက်ကျိုရာတွင် ထင်းကောင်းကောင်းဖြင့် မီးထိုးကာ ဒေသအခေါ် ဖိုက်လာသည်အထိ ဆင့်ကဲခပ်ယူမီးထိုးပြီး ပျစ်သွားမှ မီးဖိုပေါ်မှချကာ မွှေပေးရသည်။ ပျစ်ခဲလာပါက ယောက်မနှင့်ခပ်ကာ ထန်းလျက်လုံးလေးများလုံးပေးကြရသည်။ ထန်းလျက်က အေးသော ဓာတ်ရှိသည်။
ထန်းလျက်ကို လက်ဖက်ရည်ကြမ်း အမြည်းအဖြစ်သော်လည်းကောင်း၊ အုန်းသီးနှင့် တွဲဖက်၍သော် လည်းကောင်း၊ ထန်းလျက်ကို အရည်ကျိုကာ ခေါက်မုန့်၊ ဘိန်းမုန့်၊ မုန့်လက်ကောက်၊ မုန့်လုံးရေပေါ်၊ မုန့်ထုပ်ကြီး စသည့်မုန့်များတွင် ထည့်၍သော်လည်းကောင်း၊ ချင်းဖြင့်ကျိုချက်ကာ ချင်းထန်း လျက်ပြုတ်ရည် အဖြစ် လည်းကောင်း၊ ထန်းလျက်ခဲကို ညောင်စေးကျအောင်ကျိုချက်ကာ မုန့်ကြာခွက်တွင် ထည့်၍ လည်းကောင်း အမျိုးမျိုးအဖုံဖုံ စားသုံးနိုင်ပါသည်။ ထို့ပြင် ပေါက်ပေါက်ဆုပ်၊ မုန့်ဖက်ထုပ်၊ မုန့်လုံးကြီးကြော်၊ မုန့်လိပ်ပြာ၊ မုန့်လက်ဆောင်း၊ သာဂူကျို၊ ဂျုံကျို၊ မြေပဲပျစ်၊ နှမ်းပျစ်၊ သစ်သီးယိုစုံအမျိုးမျိုး၊ မုန့်ဆပ်သွားဖူး၊ ရွှေထမင်း စသည့်မြန်မာမုန့်ပဲသရေစာ တော်တော်များများက ထန်းလျက်နှင့် မကင်းနိုင်ကြပေ။ ယုတ်စွအဆုံး ထန်းလျက်ရည်ဖြင့်သောက်ရသော ဒိန်ချဉ်၏ အရသာက ပိုလေးနက်ပြီး ကျန်းမာရေးနှင့်လည်း ပိုသင့်တော်ပါသည်။ ဂျပန်ခေတ် သကြားအလွန်ရှား သောကာလမှာ သကြားအစား ထန်းလျက်နှင့် ကော်ဖီ၊ လက်ဖက်ရည်များကို ဖျော်သောက်ကြရပြီး အရသာမှာ ပို၍လေးနက်ပေါ်လွင်လှပါသည်။
ထန်းလျက်နှင့် ကျန်းမာရေး
ထန်းလျက်ကို သရေစာတစ်မျိုးဟု ထင်မှတ်ရသော်လည်း အစွမ်းထက်သော ဆေးတစ်မျိုးဟု ဆိုနိုင်ပါသည်။ ထန်းလျက်နှင့် ပတ်သက်၍ မြန်မာ့ဆေးကျမ်းများတွင် အောက်ပါအတိုင်း တခမ်းတနား ဖွင့်ဆိုဖော်ပြထားကြောင်း လေ့လာတွေ့ရှိရပါသည်။
ဓာတုစိန္တာဓာတ်ကျမ်းတွင် ထန်းလျက်သည်ကား သလိပ်ကြေ၏။
ဝမ်းလားစေတတ်၏။ အသားကိုပွားစေတတ်၏။ အားကိုလည်း ပွားစေတတ်၏။ နူနာကိုလည်း ပယ်နိုင်ကုန်၏။ ထန်းလျက်သည် ချိုသောအရသာရှိ၏။ အေးသောအခိုး ရောက်သည်ဖြစ်၍ ပထဝီဓာတ်အားရှိအောင် စွမ်းနိုင်၏။ တေဇောဓာတ်မီးကို ငြိမ်းစေနိုင်၏။ ပြင်းသောဓာတ်လွန်သော ဓာတ်တို့၏ အခိုးအကင်းကိုနိုင်၏။ အတွင်းဓာတ်မီးလွန်၍ မရပ်တည်နိုင်၊ တလူးလူး တလဲလဲရှိသည်ကို ငြိမ်စေတတ်၏။ အာပေါညံ့သည်ကိုလည်း မျှတအောင် ဆောင်နိုင်၏။ သလိပ်၊ အပုပ်၊ ပြည်ကိုလည်း ကြေစေတတ်၏။ နာတာရှည်အားမဲ့သူကို အားဖြစ်နိုင်၏။ ကိုယ်ရေပူ၊ အကိုက်အထုံ၊ အာဟာရပျက်ကိုလည်းရ၏။ မီးယပ်ဓာတ်မီးအပူကိုလည်း ငြိမ်းစေတတ်၏။ သူငယ်တို့ကို မပြတ်ပေးပါကလည်း ခေါင်းပူ၊ ကျောကုန်းပူသည့်အရာ ငြိမ်း၏။ ကိုယ်သားကိုယ်ရေထွား၏။ ဓာတ်လေးပါးတို့ကို ခိုင်ခံ့စေတတ်၏။ မြွေဆိပ်၊ ကင်းဆိပ်နှင့်တူသမျှကို ရ၏။ အတွင်းဓာတ်မီးလွန်၍ ခတ်မိသော လေသည်ပူ၏။ လေပူထွက်၍ ထိုအပူကိုလည်း ပျောက်စေတတ်၏။ ချဉ်သော၊ ခါးသောအရသာနှင့်ယှဉ်လျှင် ရသာလေးနက်၏။ တေဇောဓာတ်၊ ဝါယောဓာတ် နှစ်ပါးကြိုက်၏ ဟုဖော်ပြထားပါသည်။
ဓာတုရသလေးစောင်တွဲဓာတ်ကျမ်း တွင် ချိုထန်းလျက်ကား၊ ဓာတ်ပျက်ပထဝီ၊ ကြုံလှီပိန်ကပ်၊ အားပြတ်အာဂန္တု ဖြစ်မှုတစ်ထွေ၊ လက်ခြေထုံကျဉ်၊ ပူဝင်မီးယပ်၊ ပြတ်လပ်အာဟာရ၊ ကျောခေါင်း စသည်၊ ပူလှမီးဓာတ်၊ မရပ်မတည်၊ လွန်သည့်တေဇာ၊ အာပေါလည်းညံ့၊ ဆီးတန့်ကာသုက်၊ သလိပ်ပုပ်လည်း၊ လှုပ်သည်တစ်၊ တေဇောကြွ၍၊ ထွက်ကြအပူ၊ ဓာတ်လွန်သူက၊ မြွေဆိပ်စသည်၊ များလှရောဂါ၊ ဝေဒနာကို၊ ရသာထန်းလျက်၊ ဖြိုဖျက်နိုင်၏ဟု ဆိုထားသည်။
မြန်မာ့ဆေးကျမ်း ထန်းလျက်သည် ဝမ်းသွားစေ၏။ သလိပ်ကြေ၏။ နူနာပျောက်ကင်းစေ၏။ သုက်ကို ပွားစေတတ်ပြီး အသားကိုလည်း ပွားစေသည့်အပြင် ခွန်အားတိုးပွားစေ၏ဟု ဆိုထားသည်။
ဓမ္မတာရာသီငုပ်ခြင်း၊ ကျန်ခြင်းတို့အတွက် ချင်းထန်းလျက်စားပါ သို့မဟုတ်ထန်းလျက်နှင့်ချင်းကို ပြုတ်၍သောက်ပြီး အဖတ်များကို ဝါးစားပါ။
ဒိန်ချဉ်ကို ထန်းလျက်ရည်နှင့် သောက်ပါက ဝမ်းလေမှန်စေသည်။
ထန်းလျက်ကို ကြိတ်ခြေ၍ နှမ်းဆီနှင့် ဆားတို့ကို သမအောင်နယ်ပြီးစားပါက အူရောင်ငန်းဖျား ရောဂါကို ပျောက်စေသည်။
ထန်းလျက်နှင့်ဆား ဆတူရော၍ သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့သုံးကြိမ်သောက်ပါက သွေးအန်ရောဂါကို ပျောက်ကင်းသက်သာစေပါသည်။
ထန်းလျက်ကို မန်ကျည်းသီး၊ ဆားတို့နှင့်ရော၍ ဖျော်သောက်ပါက ဝမ်းမှန်ပြီး အပူငြိမ်းအေးစေသည်။
ပေါက်ပေါက်