ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းနှင့်ပြည်နယ်များကို ပေါင်းစည်းထားသောနိုင်ငံတော်ဖြစ်၏။ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် နေလာခဲ့သည်မှာ ရှေးပဝေသဏီကတည်းကဖြစ်သည်။ လက်ရည်တစ်ပြင်တည်း ချစ်ချစ်ခင်ခင် နေလာခဲ့သော အပြန်အလှန်ရိုသေ လေးစားခဲ့သော သာဓကများကို မြန်မာဘုရင်များ လက်ထက်ကပင် ထင်ရှားစွာတွေ့မြင်ရမည်ဖြစ်သည်။ တိုင်းရင်းသား ညီနောင်ဖွားများ ချစ်ကြည်သွေးစည်းမှု၊ ညီညွတ်မှု၊ အပြန်အလှန်နားလည်မှုတို့ဖြင့် အသက်၊ သွေးများ စတေး၍ ပင်ပန်းကြီးစွာရယူခဲ့သော နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်ထောင်စုကြီး၏ အသက်သွေးကြောပါပေ။ ပင်လုံမြေတွင် အုတ်မြစ်တည်ခဲ့သော ပင်လုံပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးမှာ ပြည်ထောင်စုသား အားလုံး၏ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်တော့သည်။
မြန်မာ့သမိုင်း စာမျက်နှာများကို ငဲ့စောင်း၍ကြည့်လျှင် ဗြိတိသျှနယ်ချဲ့တို့၏ သဏ္ဌာန်လုပ် သရုပ်ဆောင်ချက်များကို မျက်ဝါးထင်ထင်တွေ့ရမည် ဖြစ်သည်။ ၁၈၂၄ ခုနှစ်တွင်ဖြစ်ပွားသော အင်္ဂလိပ်-မြန်မာပထမစစ်ပွဲသည် နှစ်နှစ်တာကာလကြာ ကမ္ဘာ့သမိုင်းဝင်စစ်ပွဲကြီးပါပေ။ မြန်မာတို့သည် ပန်းဝါတိုက်ပွဲတွင် အင်္ဂလိပ်တို့အား အနိုင်တိုက်ခိုက်ခဲ့ပြီး ရန်ကုန်တိုက်ပွဲ၊ ဓနုဖြူတိုက်ပွဲ၊ ဝက်ထီးကန် တိုက်ပွဲစသည်တို့တွင် အသက်ပေါင်းများစွာ စတေး၍ ခုခံခဲ့သော်လည်း အရေးနိမ့်ခဲ့ရသည်။ ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသကို အင်္ဂလိပ်တို့လက်သို့ ပေးအပ်လိုက်ရခြင်းဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး တစ်စိတ်တစ်ဒေသ ဆုံးရှုံးရသည်။
၁၈၅၂ ခုနှစ် ဧပြီလမှစကာ တစ်နှစ်ခွဲကျော်ကြာမြင့်သော ဒုတိယစစ်တွင်လည်း အောက်မြန်မာ နိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်အောက်ရောက်ရသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်ကား အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်က ဗမာပြည်ကို ဗြိတိသျှပိုင်အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီ ဟူသောကြေညာချက် နှင့်အတူ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ပွားသည်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးသွားရသည်။
နိုင်ငံရေးအရဆိုရလျှင် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ် ထွန်းကားနေသည့် နိုင်ငံငယ်လေးအား စည်းမျဉ်းခံ ဘုရင်စနစ်နှင့် အရင်းရှင်ပါလီမန် ဒီမိုကရေစီစနစ်ကောင်းစွာ ထွန်းကားနေသော နိုင်ငံကြီးတစ်နိုင်ငံက အရင်းရှင်နယ်ချဲ့ စနစ်ဖြင့် ဝါးမျိုလိုက်ခြင်းပါပေ။
၁၈၉၄ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်အတွင်း မြန်မာတို့သည် နိုင်ငံရေးနိုးကြားစပြုလာပြီ ဖြစ်သည်။ ဤသည်ကို သိသော ဗြိတိသျှနယ်ချဲ့အစိုးရသည် မြန်မာနိုင်ငံအား ကြာမြင့်စွာ အုပ်ချုပ်နိုင်ရန် ကြိုးပမ်းသည့်အနက် အဆိုးဆုံးမှာ သွေးခွဲစနစ် ဖြစ်သည်။ တစ်နိုင်ငံလုံးကို ဗြိတိသျှပါလီမန် အုပ်ချုပ်ရေးစနစ်အရ ဘုရင်စနစ်ဖြင့် အုပ်ချုပ်နေသော်လည်း ရှမ်းပြည်တွင်မူ ပဒေသရာဇ်စနစ်ကို ဆက်လက်ခွင့်ပြုထားခဲ့သည်။ ဤတွင် မြေပြန့်နှင့် ရှမ်းတောင်တန်း ဒေသများ နိုင်ငံရေးနိုးကြားမှုနှင့် ဖြစ်ပေါ်တိုးတက်မှု မတူညီတော့ပေ။ ကရင်များကို အထူးအခွင့်အရေး ပေးခြင်းဖြင့်လည်း ကရင်-ဗမာ သွေးကွဲရေးကို ဖန်တီးခဲ့သည်။ မြန်မာဓနရှင်များအား အလိုတော်ရိလက်ဝေခံအရင်းရှင်ငယ်များအဖြစ် ချီးမြှောက်ခဲ့သဖြင့် မြန်မာမျိုးချစ် လူငယ်များနှင့် ရန်ဘက်များအဖြစ်သို့ ရောက်အောင် ဦးတည် ခဲ့လေသည်။ နယ်ချဲ့၏ အဆိုပါသွေးခွဲရေးခြေလှမ်းကို ရိုက်ချိုးလိုက်သည်ကား ပြည်ထောင်စုဖွား တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေး၏ အုတ်မြစ်ဖြစ်သော ပင်လုံစာချုပ်ကြီး ဖြစ်ပါသည်။ ဤသမိုင်းဝင်ပင်လုံစာချုပ်မချုပ်ဆိုမီ မြန်မာနိုင်ငံ၏အခင်းအကျင်းများကို ဤသို့တွေ့ရှိ ရပါမည်။
၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရက ရှမ်းကုန်းမြေမြင့်တွင် ပထမဆုံးနှင့်တစ်ခုတည်းသော အစိုးရစာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့သည်။ စော်ဘွားသားများ၊ မြို့စားအမတ်ကြီးများ၏ သားများသာ နေခွင့်ရသည်။
ထိုစဉ်က စာတတ်သူတိုင်းရင်းသား ၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိသည်ဟုဆို၏။ ဗြိတိသျှတို့ကား နမ္မတူဘော်တွင်းမှ ဘော်များ၊ မော်ချီးမိုင်းမှ ဝူလ်ဖန်သတ္တုတန်ချိန်အမြောက်အမြားပေါ်တွင် မိန့်မိန့်ကြီးရပ်တည်နေ၏။
၁၉၂၀ ပြည့်နှစ်လွန်ကာလသည် မြေပြန့်ပြည်မရှိ မြန်မာအမျိုးသားတို့၏ ဝံသာနု၊ ဂျီ-စီ-ဘီ-အေ နိုင်ငံရေးနိုးကြားလာချိန်ဖြစ်ရာ နယ်ချဲ့သမားသည် လိမ္မာပါးနပ်စွာ ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရှမ်းကုန်းမြေမြင့်တောင်ပိုင်းနှင့် မြောက်ပိုင်းအား ပဒေသရာဇ်ရှမ်းပြည်ဟူ၍ သီးခြားပြုကာ ပြည်မနိုင်ငံရေးကို မစွက်ဖက်နိုင်ရန် ခွဲထုတ်လိုက်လေသည်။
မြေပြန့်တွင် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် နယ်ချဲ့ဆန့်ကျင်ရေးကို စတင်ခဲ့ချိန်ဖြစ်သော်လည်း မြန်မာကိစ္စရှမ်းနှင့်မဆိုင်၊ ရှမ်းကိစ္စမြန်မာနှင့်မဆိုင်၊ မြန်မာတွေလည်း မြူဆိုင်းနှင်းဝေ ရှမ်းကုန်းမြေသို့ မလာရ။ မသွားရ။ မြန်မာများလာလျှင် မယုံနှင့်ဟုဆိုပြီး လူမျိုးရေးအရ သံသယ
ဝင်နေစေရန် သွေးခွဲထားခဲ့သည်မှာ ၁၉၃၀ ပြည့်နှစ်တိုင်ဖြစ်သည်။ သို့ရာတွင် ပြည်မ၏ နိုင်ငံရေးလှုပ်ရှားမှု ဂယက်ကြောင့် ၁၉၃၁ ခုနှစ်တွင် တောင်ကြီးမြို့ရှိ ခရစ်ယာန်သာသနာပြု ကျောင်းသားများ၏ အရေးဆိုမှုကြောင့် ယင်းနှစ်တွင် ဗုဒ္ဓဘာသာဝင် ကျောင်းသားများအသင်းကို ရှမ်းကုန်း မြေမြင့်ပေါ်တွင် ပထမဆုံးအကြိမ် တည်ထောင်နိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရှမ်းပြည် ကျောင်းသားများအသင်း၊ ၁၉၃၈ ခုနှစ်တွင် ညောင်ရွှေမြို့၌ အလင်းရောင်စာကြည့် အသင်းတို့ကို ဖွဲ့စည်းတည်ထောင်ခဲ့သေးသည်။
၁၉၃၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကျောင်းသားများ သပိတ်မှောက်ရာ တောင်ကြီးအေဘီအမ် ကျောင်းသားများလည်း သပိတ်မှောက်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် အာရှအရှေ့ဖျား၌ စစ်မီးဟုန်းဟုန်း တောက်လျက်ရှိလေပြီ။ ဂျပန်တို့လည်း အမေရိကန် ရေတပ်စခန်း ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီးမှ အင်္ဂလိပ်အမေရိကန်ကို စစ်ကြေညာသည်။ တောင်ကြီးမြို့တွင် အင်္ဂလိပ်ကိုကူညီရန် တရုတ်အစိုးရက ပို့လိုက်သော တရုတ်စစ်တပ်နှင့်တိုက်ပွဲဖြစ်သည်။ တရုတ်တပ်နှင့်ဂျပန်တပ်များ သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်ရင်း တောင်ကြီးမြို့ကိုလက်ပြောင်းယူကြသည်။ ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်တပ်များဆုတ်ခွာသွားပြီး တောင်ကြီးမြို့ကို ဂျပန်တို့ သိမ်းယူလိုက်တော့သည်။ ဧပြီလ ၂၉ ရက်နေ့တွင် လားရှိုးမြို့ ဂျပန်လက်တွင်းကျရောက်သည်။ မေလလဝက်ခန့်တွင် ဗမာပြည် စစ်မျက်နှာမှ အင်္ဂလိပ်တပ်နှင့် တရုတ်တပ်(မဟာမိတ်)တို့ လုံးဝဆုတ်ခွာသွားသည်။
ဂျပန်တို့သည် အိန္ဒိယနယ်စပ်နှင့် တရုတ်နယ်စပ်များတွင် တပ်စွဲကာ ဗမာပြည်အား အင်္ဂလိပ် လက်တွင်းမှ လုံးဝသိမ်းပိုက်လိုက်တော့သည်။
ဂျပန်တို့သည် တစ်ဖက်မှမြန်မာပြည်အား လွတ်လပ်ရေးပေးရန်စီစဉ်လျက်ရှိနေရာ ရှမ်းပြည်ရှိ ဂျပန်အုပ်ချုပ်ရေးဆိုင်ရာ ဘုရင်ခံက ရှမ်းစော်ဘွားများအားခေါ်၍ ယိုးဒယားနှင့် ပေါင်းပေးရန် စဉ်းစားကြသော်လည်း အလင်းရောင်လူငယ်များ၏ ရှမ်း-မြန်မာ ချစ်ကြည်ရေး လှုပ်ရှားမှုအရှိန် မြင့်မားနေပြီ ဖြစ်၍ ကျိုင်းတုံနှင့် မိုင်းပန်နယ်ကိုသာ ဂျပန်က ယိုးဒယားသို့ လက်ဆောင်အဖြစ် ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် ပေးအပ်လိုက်၏။ ကျန်ရှိသော ရှမ်းပြည်နယ် အပါအဝင် အားလုံးနှင့် ကရင်နီနယ် (ကယားပြည်နယ်)တို့ကို မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်က ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့၌ ထည့်သွင်းပေးကြောင်း စာချုပ်ချုပ်ဆိုသည်။ ဂျပန်တို့သည် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသည်ဟုကြေညာသည်။ တစ်လအကြာတွင် ဂျပန်လွတ်လပ်ရေးသည် အတုအယောင်ဖြစ်ကြောင်း မြင်တွေ့လာကြသည်။
၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အလင်းရောင် စာကြည့်အသင်းမှသည် အာရှလူငယ် အစည်းအရုံးကို ဖွဲ့စည်းလိုက်သည်။ ၁၉၄၅ ခုနှစ် မတ်လ ၅ ရက်နေ့တွင် မိတ္ထီလာကို မဟာမိတ်တပ်များ လေထီးဆင်း၍ တိုက်ခိုက်သိမ်းပိုက်၏။ ၂၀ ရက်နေ့တွင် မန္တလေးကို တိုက်ခိုက်သိမ်းယူပြီး မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ကြီးကို ဗြိတိသျှမဟာမိတ်တပ်များ သိမ်းယူလိုက်သည်။ ရှမ်းပြည်နယ်ရှိလူငယ်များသည် ရှမ်း-မြန်မာချစ်ကြည်ရေးကို ဂျပန်ခေတ် တစ်ခေတ်လုံး ဆောင်ရွက်ခဲ့ပြီး ယခုတစ်ဖန် ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမည် ဖြစ်ရာ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ ထိုကာလအတွင်း ပြည်မမှခွဲထုတ်၍ အုပ်ချုပ်မည့် ဥပဒေစာတမ်းသည် လျှို့ဝှက်စွာ ထွက်ပေါ်လာ၏။ ရခိုင်တိုင်းတစ်စိတ်တစ်ဒေသ၊ ချင်းဝိသေသတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အပါအဝင် မြင်းခွာပုံသဏ္ဌာန်တောင်တန်းဒေသကို ဗြိတိသျှ လက်အောက်တွင်ချန်ထားပြီး ပြည်မမြေပြန့်တစ်လျှောက်လုံးကို လွတ်လပ်ရေးပေးမည့် ရည်ရွယ်ချက် စီမံကိန်းဖြစ်၏။
ဤစာတမ်း၏ဂယက်သည် စော်ဘွားများ၊ ဒူးဝါးများ လောကတွင် တောမီးပမာပျံ့နှံ့သွား၏။ ဤစာတမ်းကို အကြောင်းပြု၍လည်း စော်ဘွားများ ပင်လုံတွင် တွေ့ဆုံဆွေးနွေးရင်း ပထမပင်လုံညီလာခံ သဘင်ကျင်းပရန် အကြောင်းဖန်လာခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးတိုက်ပွဲ ပထမအဆင့်မှာ လုံးဝလွတ်လပ်ရေးဖြစ်၏။ ချင်းတောင်၊ရခိုင်၊ မြစ်ဝကျွန်းပေါ်၊ ကချင်တောင်တန်းမှသည် ရှမ်းကုန်းမြေမြင့်နှင့် ကန္တာရဝတီ ကယားပြည်နယ်ဆီသို့ စည်းရုံးရေး ခရီးထွက်လာခဲ့ရာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တောင်ကြီးသို့ ရောက်၏။ တည်းခိုသည့်အိမ်၌ နံနက်စာစားပြီး လွိုင်ကော်သို့ ခရီးပြင်းနှင်၏။ နောက်တစ်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့လယ်ဓမ္မာရုံကြီး၌ လူထုတရားပွဲကျင်းပ၏။ ထိုနေ့ တောင်ကြီးသို့ ပြန်ရောက်ပြီး ၂၅ ရက်နေ့တွင် ဘောလုံးကွင်းကြီးထဲ ၌ မြို့လုံးကျွတ် တရားပွဲကြီးကျင်းပ၏။ နောက်တစ်နေ့နံနက်တွင် တောင်ကြီး၌ ရောက်နေကြသော စော်ဘွားများ၊ ကိုယ်စားလှယ်များ အပါအဝင် အစည်းအဝေးကျင်းပရာ ရှမ်းပြည်ကို မြန်မာပြည်မနှင့်အတူ လွတ်လပ်စေလိုသည်။ ရှမ်းမြန်မာပူးပေါင်းရေးကိစ္စကို ဘိလပ်တွင် ပြောရမည်ဖြစ်၍ မိမိပြောဆိုမည့်မူကို မူကြမ်းရေးဆွဲပေးခဲ့မည့် အကြောင်း၊ ထိုမူကြမ်းကို စော်ဘွားများက လက်မှတ်ရေးထိုး ပေးရန် အကြောင်းများကို စော်ဘွားများအား တင်ပြသည်။ စော်ဘွားများက ချက်ချင်း အဖြေမပေး အင်တင်တင်လုပ်နေကြသည်။ ညောင်ရွှေတွင် ထပ်မံဆွေးနွေးကြသော်လည်း စော်ဘွားများက မူကြမ်းတွင် လက်မှတ်ရေးထိုးမပေးကြပါ။
ဗိုလ်ချုပ်သည် ရန်ကုန်သို့ ပြန်သွားပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဗြိတိသျှလေဘာအစိုးရ နန်းရင်းဝန်အက်တလီ၏ ဖိတ်ကြားချက်အရ မြန်မာပြည် လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ထွက်ခွာသွား၏။ ဘိလပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန်တို့ ရှမ်း-မြန်မာတောင်တန်းဒေသကိစ္စဆွေးနွေးစဉ် ကြေးနန်းတစ်စောင် အက်တလီထံ ရောက်ရှိလာ၏။ ကြေးနန်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ် မဟုတ်ကြောင်း တောင်တန်းဒေသအတွက် စော်ဘွားများကို သီးခြားဖိတ်ခေါ်ရန် ပါရှိသည်။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မှ ရဲဘော်များသည် ဘိလပ်ရှိ ဗိုလ်ချုပ်ထံ ရှမ်းပြည်လူထု၏ တန်ပြန်ကြေးနန်းပို့ရန် ဆုံးဖြတ်လိုက်ကြ၏။ လွတ်လပ်ရေးဆန္ဒပြပွဲကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်သည့်အလျောက် အစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ၊ ဆော်သြရေး ကော်မတီ၊ နေရာချထားရေး ကော်မတီဟူ၍ တာဝန်ခွဲဝေယူကြပြီး နေ့မအိပ် ညမအိပ်မြို့လုံးကျွတ်တက်ရောက်ရန် လှုံ့ဆော်ကြရ၏။ ဤမြို့လုံးကျွတ် အစည်းအဝေးကြီးတွင် ၁။ လွတ်လပ်ရေးအဆို၊ ၂။ တိုင်းရင်းသားသွေးစည်းရေးအဆို၊ ၃။ နယ်ချဲ့စနစ်တိုက်ဖျက်ရေး၊ ၄။ တပ်ဦးညီညွတ်ရေး သွေးခွဲမှုများကို ရှုတ်ချရေးအဆိုများကို တင်သွင်းကြ၏။ ယင်းအဆိုများနှင့်အတူ လူထုကြီးက ဗိုလ်ချုပ်အောင်ဆန်းထံ ကြေးနန်းပို့လိုက်ကြသေးသည်။ ထိုကြေးနန်းကို ဗိုလ်ချုပ်က အက်တလီ အားပြသည်ဆို၏။ ထိုအခါနန်းရင်း ဝန်အက်တလီက လာမည့် ဖေဖော်ဝါရီလထဲတွင် စော်ဘွားများပင်လုံမြို့၌ ညီလာခံအစည်းအဝေးပြုလုပ်ရန် စီမံထားကြောင်း ဦးအောင်ဆန်းအနေနှင့် ထိုအစည်းအဝေးတွင် မျက်နှာစုံညီတက်ရောက်ပြီး ဆုံးဖြတ်ကြပါရန် ပြောကြားလေသည်။ နယ်ချဲ့ သမားတို့ ၎င်းတို့အတွက် စီစဉ်အကွက်ချထားသော ပင်လုံအစည်းအဝေးသည် ဗိုလ်ချုပ်အောင်ဆန်း အတွက် ပင်လုံအစည်းအဝေး ဖြစ်သွားရလေပြီ။
ရှမ်း-မြန်မာပူးပေါင်းရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲကား တစ်ဆင့်သာကျန်တော့သည်။ ထိုတိုက်ပွဲမှာ လူထုကမိမိဘာသာ တိုက်ပွဲဝင်ရမည့် လူထုတိုက်ပွဲဖြစ်သည်။ ပင်လုံတွင်သွား၍ လူထုအင်အားပြကြရမည့် နယ်ချဲ့တို့၏ နောက်ဆုံးခံတပ်ကြီးကို ဖြိုဖျက်ပစ်ရမည့်တိုက်ပွဲကြီးပင်တည်း။ ပင်လုံညီလာခံကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဤတွင် လွပ်လပ်ရေးအတွက် စည်းရုံးကြရသည့် အဖွဲ့ချုပ်မှ ရဲဘော်များကား ပင်ပန်းလှ၏။ ပထမအဆင့်အနေဖြင့် ရှမ်းစော်ဘွားများ တစ်ဝက်၊ ပြည်သူ့ကိုယ်စားလှယ်တစ်ဝက်ပါဝင်သော ရှမ်းပြည်ကောင်စီကို အကောင်အထည်ပေါ်လာစေရန် စည်းရုံးကြရသည်။ တစ်ချိန်တည်းမှာပင် ဘုရင်ခံနှင့် ရှမ်းပြည်ပဒေသရာဇ်ကောင်စီကို သပိတ်မှောက်ခဲ့ကြသည်။ ဒုတိယအဆင့်မှာ နောက်မှရောက်လာသော ကချင်ကိုယ်စားလှယ်များကို ပူးပေါင်းလက်တွဲသွေးစည်း၍ လွတ်လပ်ရေး ရယူရန် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီမှ ပင်လုံသို့ရောက်ရှိလာ၏။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ရှမ်း၊ ချင်း၊ ကချင်တို့၏ ပူးပေါင်းရေးသာပြတ်သားပြီး မြန်မာနှင့်ပူးပေါင်းရေးမှာအကောင်အထည်မပေါ်သေးပေ။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ခေါင်းဆောင်များဖြစ်ကြသော ကိုတင်အေးတို့လူစုက ပြည်ထောင်စုမူလမ်းကြောင်း အတွင်းသို့ သိမ်းသွင်းသောကြောင့် ဘောင်အတွင်းသို့ဝင်လာလိုက်၊ နယ်ချဲ့အင်္ဂလိပ်များ ခြေထိုးသောကြောင့် တွေဝေပြီး ပြန်ပါသွားလိုက် ဖြစ်နေကြသည်။ ပင်လုံအရောက်သွားမည့် လူထုဆန္ဒပြပွဲကြီးတွင် လော်ရီကား ၆၄ စီးဖြင့် ၇ တန်းမှ ၁၀ တန်းထိ ကျောင်းသားကျောင်းသူများ၊ ဈေးသမဂ္ဂ၊ အလုပ်သမား၊ မှုထမ်းရာထမ်း၊ ရပ်ကွက်အလိုက်မြို့သူမြို့သားများအပြင် ညောင်ရွှေ၊ ကလော၊ ဟဲဟိုး၊ ပင်းတယ၊ ရပ်စောက်နှင့် လွိုင်ကော်မှ မော်တော်ယာဉ် ၁၆ စီး၊ ရှမ်း၊ အင်းသား၊ ဓနု၊ ပအိုဝ့်၊ တောင်ရိုး၊ မြန်မာ၊ ဂေါ်ရခါး၊ တိုင်းရင်းသား ပေါင်းစုံပါဝင်သော မော်တော်ကားအစီး ၆၀ ကျော်ဖြင့် မိုင် ၇၀ ဝေးသော ပင်လုံနယ်ချဲ့ ခံတပ်ကြီးကို လူထုတိုက်ပွဲအသွင်ဖြိုဖျက်ရန် တောင်အထပ်ထပ်ကို ကျော်ဖြတ်ချီတက်ခဲ့ကြပုံကား အံ့မခန်းစိတ်အားတက်ကြွဖွယ်ပါတကား။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရှမ်း၊ ချင်း၊ ကချင် တောင်တန်းကိုယ်စားလှယ်အစုံအလင်နှင့် ဗိုလ်ချုပ်တို့ ဆွေးနွေးကြ၏။ ထိုနေ့သို့ရောက်ခဲ့ပါလေပြီ။ ဆော်သြရေးမှူးများသည် ပင်လုံအစည်း အဝေး ခန်းမဆောင်သို့ နံနက် ၁၁ နာရီမထိုးမီ တက်ရောက်ကြပါရန် နှိုးဆော်လျက်ရှိ၏။ ယမန်နေ့က သဘောတူညီထားကြသော ပူးပေါင်းရေး စာချုပ်ကြီးကို လက်မှတ်ရေးထိုးကြပေတော့မည်။ ကမ္ဘာတည်သရွေ့ မြန်မာ့သမိုင်းတွင် ဂုဏ်ယူဖွယ်တင့်တယ် ကြီးမြတ်သော ပြည်ထောင်စုကြီး သန္ဓေတည်ရာ ပင်လုံစာချုပ်ကြီးကို ရှမ်းကော်မတီစော်ဘွားများ၊ ရှမ်းကော်မတီလူထုကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်၊ ချင်းကိုယ်စားလှယ်၊ ကချင်ကိုယ်စားလှယ် ၂၃ ဦးတို့သည် အောင်မြင်စွာ လက်မှတ်ရေးထိုးလိုက်ကြပေပြီ။ ထိုနေ့ကား ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက် အချိန်ကား နံနက် ၁၁ နာရီတိတိတည်း။
ပင်လုံမြေသည် တိုင်းရင်းသားအချင်းချင်းသွေးစည်းမှုဖြင့် လွတ်လပ်ရေးကို အုတ်မြစ်ချပေးသော ဘူမိနက်သန်အောင်မြေမှန်ဖြစ်သည်။ ပင်လုံစာချုပ်ကြီးကား သွေးခွဲ၍အုပ်ချုပ်ခဲ့သော နယ်ချဲ့သမားတို့၏ ဗေဒဥပါယ်ကို မြေမြှုပ်သင်္ဂြိုဟ်လိုက်သော နယ်ချဲ့တို့အတွက် သေမင်းတမန် စာချုပ်ကြီး ဟု စာရေးသူ ဆရာစံအောင်၏ ညီညွတ်ရေးအရေးတော်ပုံ စာအုပ်ကဆိုပါသည်။ တိုင်းရင်းသားသွေးစည်းမှု မှတ်ကျောက်ဖြစ်သော ပြည်ထောင်စုနေ့သည် လွတ်လပ်ရေးအတွက် အဖိုးအနဂ္ဃထိုက်နေ့ထူး၊ နေ့မြတ်ကြီးပီပီ လွတ်လပ်ရေးအစပြည်ထောင်စုနေ့က ဟုလည်း ဆိုစမှတ်ပြုခဲ့ကြပေသည်။ သို့ဖြစ်ရာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ချစ်ကြည်ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မည့် ပြည်ထောင်စုကြီး၏ အနှစ်သာရကို တရှိုက်မက်မက် ခံစားတန်ဖိုးထားနေမည့် ပြည်ထောင်စုနေ့များသည် စိန်ရတု ပြည်ထောင်စုနေ့မှ နှစ်ရာထောင် သက်တမ်းမက အဓွန့်ရှည်နေဦးမည်ကို ပြည်ထောင်စုသားအားလုံး လိုလားနှစ်သက် နေလိမ့်မည်ဟု အခိုင်အမာယုံကြည်လျက် ရှိပါတော့သတည်း။ ။