မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ရထားလမ်းသွားသံဘောင်ဘေလီတံတားအား အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ရထားလမ်းသွားသံဘောင်ဘေလီတံတားအား အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၉
    
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တော်ကမာကျေးရွာအနီးရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်း ဆောက်လုပ်ထားသည့် ရေး-မော်လမြိုင်သွားရထားလမ်း၊ တံတားအမှတ် (၁၇၃) ရထားလမ်းသွား သံဘောင်ဘေလီတံတားအား ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ရေး-မော်လမြိုင်သွား ရထားလမ်း၊ တံတားအမှတ် (၁၇၃)၊ မိုင်တိုင်အမှတ် ၂၅၆ မိုင် ၁၈ ဖာလုံနှင့် ၂၁ ဖာလုံကြား အလျား ၆၀၀ ပေခန့်ရှိ သံဘောင်ဘေလီတံတား၏ အလယ်အူတိုင် အနီးသို့ အကြမ်းဖက်သမား အမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားအောက်ခံ ဘေလီဘောင် ၂ ချောင်းကွေး၍ တံတားဘေးကာသံတိုင် ၂ ချောင်းပြတ်ထွက်ပျက်စီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲ၍ တံတားထိခိုက်ပျက်စီးမှုကြောင့် ရေး-မော်လမြိုင်ရထားခရီးစဉ်အား ရပ်နားထားရှိကြောင်း သိရှိရသည်။
    
ထိုကဲ့သို့ လမ်းပန်းဆက်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားဖြတ်သန်းသွားလာသော သံဘောင်ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား အမြန်ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူ များက ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။