(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၉
    
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တို့မှ ကြီးမှူး၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီး နှင့် ပြည်နယ် အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးမှ ဝန်ကြီးများ၊ အရာရှိကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအေးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမား များ တက်ရောက်ကြသည်။
    
ဦးစွာ အားကစားသမားများက သတ်မှတ်နေရာများတွင် အသီးသီးနေရာ ယူ၍ အားကစားအဓိဌာန် ၄ ချက်ကို ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး အားကစားသမားများက ပြိုင်ပွဲ ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင် ကြသည်။
    
ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းမှ ပြိုင်ပွဲဝင်အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။