ပုသိမ်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံများ ဖွင့်ပွဲပြုလုပ်

ပုသိမ်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံများ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉
    
ကျန်းမာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စုပေါင်း လှူဒါန်းသည့် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင်အိုး ၁၅၀ လုံးနှင့် ၄၀ လီတာအိုး ၆၀ လုံးထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောက် ဆီဂျင်စက်ရုံများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ် ကဗ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီး စက်ရုံလည်ပတ်မှုအခြေအနေများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

ထို့နောက် အဆိုပါဆေးရုံဝန်းအတွင်း၌ Ayeyarwady Development Aid Public ကုမ္ပဏီမှ လှူဒါန်းသည့် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင်အိုး ၁၂၀ လုံးထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အောက်စီဂျင်စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပုသိမ်ပြည်သူ့ ဆေးရုံ ကြီးသို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား အမွှေးနံသာရည် များပက်ဖျန်းပေးပြီး စက်ရုံလည်ပတ်မှုအခြေအနေများအား လှည့် လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိ သည်။