COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ ကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက်၊ အတည်ပြုလူနာများအား စတင်လက်ခံ

နေပြည်တော်၊ စက်တင်ဘာ - ၂၅

တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စက်တင်ဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေးတွင် လူ့အသက်ထက် အရေးကြီးသည်မှာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ကူညီဆောင်ရွက် ပေးလျက်ရှိပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ Real Time  တိတိကျကျ ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်းကို မှာကြားခဲ့သည်။

ယခုအခါ  ရန်ကုန်တိုင်းဒေသကြီး အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာများ နေ့စဉ်တိုးပွားလျက်ရှိပြီး ကုသပေးရန် နေရာအခက်အခဲများ ရှိလာသောကြောင့် တပ်မတော် အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာများ ကုသပေးနိုင်ရန်အတွက် မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ၃၇၀ ဦးခန့်၊ ရဲမွန်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ၂၇၀ ဦးခန့်၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဦးရေ ၁၀၀၀ ကျော်နှင့် သံဃာတော်များ ကုသနိုင်ရန်အတွက် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်တွင် ၁၈၈ ပါး ထားရှိကုသနိုင်ရေး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ကုသရေး ဆေးရုံများအဖြစ် ပြင်ဆင် ဆောင်ရွက်ထားလျက်ရှိသည်။ အဆိုပါ ကုသရေး ဆေးရုံများတွင် ဆေးရုံသုံး စက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိ၍ တပ်မတော်မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြုများဖြင့် COVID-19 ရောဂါ အတည်ပြုလူနာများကို လက်ခံကုသဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ယနေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား စတင်လက်ခံ ကုသလျက်ရှိရာ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ ဓာတ်ခွဲ အတည်ပြုလူနာ သံဃာတော် ၁၈၈ ပါး၊ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင် ကျောင်း၌ သံဃာတော် ၁၆၁ ပါးနှင့်အရပ်သားပိုးတွေ့လူနာ ၁၅၄ ဦးအား စတင်လက်ခံကုသ ပေးလျက်ရှိသည်။

အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု သံဃာတော်များနှင့် လူနာများအား လက်ခံဆောင်ရွက်နေမှု၊ ၎င်းတို့၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ လိုအပ်သော ဆေးရုံသုံး စက်ကိရိယာများ၊ ဆေးဝါးများနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။