နေပြည်တော်၊ စက်တင်ဘာ - ၂၅
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံအဝှမ်း ဆောင်ရွက်လျက်ရှိသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သောပစ္စည်းများကို ယနေ့နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ် ၂ စီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးသည်။
ထိုသို့ပို့ဆောင်ရာ ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲပုံး (အဖုံးမပါ) ၁၆၆၀ ပုံး၊ မဲပုံး(အစုံလိုက်) ၁၅၀၀ ပုံး၊ မဲပုံးအဖုံး ၈၃ ထုပ်နှင့် ၁၁၅၀ ဖုံး၊ မဲလက်မှတ်များ ထည့်ထားသည့် ဆာလာအိတ် ၆၁ အိတ်၊ မဲစာရင်း ဆာလာအိတ် ၆၁ အိတ်နှင့် ဆာလာအိတ်အခွံ ၁၀ အိတ်တို့ကို နယ်မြေခံ တပ်မတော်သားများက သက်ဆိုင်ရာ လေယာဉ်များပေါ်သို့ တင်ဆောင်ပေးပြီး စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။ စစ်တွေမြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ပြီး လေဆိပ်၌ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများကို တပ်မတော်သားများက ကူညီသယ်ဆောင်ပြီး တပ်မတော် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရာများသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။