ပင်လုံညီလာခံမှသည် လွတ်လပ်သော မြန်မာပြည်ထောင်စုသို့

ပင်လုံ ဟူသောနာမည်ကိုကြားလျှင် ပြည်ထောင်စု မြန်မာနိုင်ငံသားစစ်စစ်များက (၁)တိုင်းရင်းသား မြန်မာပြည်သူတစ်ရပ်လုံး၏ ပေါက်ဖွားရှင်သန်နေထိုင်ရာ တိုင်းရင်းသားပြည်သူ ၁၃၅ မျိုးတို့၏ အိမ်ဂေဟာကြီးကို အခိုင်အခံ့တည်ဆောက်ခဲ့ကြသည့် သမိုင်းတည်ရာ။

(၂)နယ်ချဲ့တိုင်းတစ်ပါးသားတို့ ဆွေးနွေးနေကြသည့် ကြားမှာပင် မရှိအတူ၊ ရှိအတူ၊ အေးတူပူမျှ၊ အတူတကွ ယှဉ်တွဲနေလျက် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုကို ပြသခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဘူမိနက်သန် မြေမှန်ရာ။

(၃)နယ်ချဲ့တို့က မြန်မာနိုင်ငံကို  ပရိယာယ်ဝေဝှစ်၊ ကောက်ကျစ်ယုတ်မာစွာ   ကျူးကျော်တိုက်ခိုက် အပိုင်သိမ်းယူပြီး ဤနိုင်ငံမြေမှ သယံဇာတ ရွှေ၊ ငွေ၊ ပတ္တမြား၊ ကျောက်သံ၊ ကြေး၊ သွပ်၊ သံ၊ ခဲ၊ ခဲမဖြူ၊ သံဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်း၊ ပျဉ်းကတိုး စသည့် အဖိုးတန်သစ်များ အပါအဝင် မြန်မာအားလုံးပိုင်ဆိုင်သော  မြန်မာ့ဓနဥစ္စာရတနာများကို နှစ်ပေါင်း ၁၀၀ ကျော် စိတ်ကြိုက်ထုတ်ယူချမ်းသာကာ မြန်မာတို့၏ ပိုင်ဆိုင်မှုအ၀၀၊   မြန်မာတို့၏ အချုပ်အခြာအာဏာ၊ မြန်မာတို့၏ လွတ်လပ်ရေးများကို ပင်လယ်ဓားပြများ သဖွယ်လုယက် ချမ်းသာသွားကြသည်။ ထိုအချိန်ကာလမှာပင် မြန်မာတို့ ပိုင်ဆိုင်ရာအဖြာဖြာ လက်လွတ်နွံနစ်၊ ကျွန်ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် မြန်မာပြည်ဖွားတိုင်းရင်းသား မျိုးချစ်ပြည်ချစ်များ၏ အသက်သွေး ချွေးရင်းကာ မြန်မာ့အချုပ်အခြာအာဏာကို (ဝါ) မြန်မာ့လွတ်လပ်ရေးကို ပင်လုံညီလာခံ၌ တိုင်းရင်းသား မျိုးချစ်ကြီးများ၏ အမြော်အမြင်ကြီးမားသည့် ဆုံးဖြတ်ချက်၊ ပင်လုံညီလာခံ သဘောတူ လက်မှတ်ရေးထိုးသော ပင်လုံစာချုပ်၊ ပင်လုံသွေးစည်းမှုဖြင့် ပြန်လည်ရယူနိုင်ခဲ့သော ပြည်ထောင်စုလွတ်လပ်ရေး သန္နိဋ္ဌာန်ချမှတ်ရာ သမိုင်းကို ပြန်လည် မြင်ယောင်ကြားယောင်မိကြသည်။ ပြည်ထောင်စုစိတ်ဓာတ်၊ တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး စိတ်ဓာတ်၊ မြန်မာပြည်ထောင်စု ကြီးလွတ်လပ်စေမည့်  လွတ်လပ်ရေး စိတ်ဓာတ်တို့ စုဝေးတံခွန်စိုက်ရာ မြန်မာတို့၏ အောင်မြေ ဘူမိနက်သန် ဖြစ်ပေသည်။

ကျွန်တော်(စာရေးသူ)သည် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပချိန်တွင် ကျောင်းသားသမဂ္ဂတွင် ပါဝင်ကာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်တပ်တစ်အားတက်ကြွ ပါဝင်သော ကျောင်းသားအရွယ် လူငယ်တစ်ဦးမျှသာ ရှိပါသေးသည်။ သို့သော် အဖေဝယ်ဖတ်သော သတင်းစာများကို ဖတ်ရှုခဲ့ရသည်။ ပတ်ဝန်းကျင်မှ တို့ဗမာအစည်းအရုံးဝင် သခင်များ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ မြန်မာ့လွတ်လပ်ရေးကို မရမနေလူထုအားဖြင့် လှုပ်ရှားနေသည့် လူထုမဏ္ဍိုင်ဖဆပလ ခေါင်းဆောင်များ၏ ဆိုစကားများ၊ အရေးအသားများ ဖတ်ရ၍ ပင်လုံညီလာခံ အကြောင်းအချိန်နှင့် တစ်ပြေးညီသိခဲ့ရလေပြီ။ ကျွန်တော်သည် ယနေ့အသက် ၉၁ နှစ် ရှိပြီဖြစ်ရာ စာပေဘဝ၌ စာရေးဆရာအဖြစ် ၇၆ နှစ်၊ သတင်းမှန်ပေးမှုဘဝ၌ သတင်းစာဆရာအဖြစ် ၆၅ နှစ်ရှိလာခဲ့သည်။ အင်္ဂလိပ်ကျွန်ဘဝ၌ ၁၄ နှစ်၊ ဖက်ဆစ်ဂျပန်ကျွန်ဘဝ၌ သုံးနှစ်၊ စုစုပေါင်း ၁၇ နှစ် တိုင်းခြားသားနယ်ချဲ့များ လက်အောက်ကျရောက် ကျွန်ဖြစ်ခဲ့ရ၍လည်း မြန်မာ့အရေးကို စိတ်ဝင်တစား လေ့လာနေခဲ့သည်။

သတင်းမှန် အသိများဖြင့် အရာရာလေ့လာ၊ စေ့ငု၊ သုံးသပ်သော အလေ့အကျင့်ကောင်း ရခဲ့သည်။

ကျွန်တော်သည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့အထိ ကျင်းပသော အမျိုးသားညီလာခံသို့  အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရာ၊ ပင်လုံစာချုပ်ကြီးချုပ်ဆိုရာ ဒုတိယပင်လုံညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အနီးကပ် ဆက်ဆံပါဝင် တက်ရောက်ခဲ့သည့် ဦးဖေခင်(အခြားဖိတ်ကြားသင့်သော အမျိုးသား ညီလာခံအစုအဖွဲ့ ကိုယ်စားလှယ်)နှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ရသည်။ သို့ဖြင့် ပင်လုံညီလာခံ အကြောင်းအတွင်း ကျကျသူပြောပြ၍ သိခဲ့ရသည်များဖြင့် နားရည်ဝခဲ့သည်။

ပင်လုံညီလာခံသတင်းပါ သတင်းစာစောင်များ   ရှာဖတ်ခဲ့ရသည်။ ပင်လုံညီလာခံ မှတ်တမ်းစာအုပ် များအပြင် စုမိဆောင်းမိ၊ ဖတ်မိ၊ သိခဲ့မိများလည်း ဝမ်းစာပြည့်ခဲ့ရ၍ နှစ်စဉ်ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် စာနယ်ဇင်းများ၌ ပင်လုံညီလာခံဆောင်းပါးများစွာ ရေးသားဖြစ်ခဲ့သည်။ အငြိမ်းစားသံအမတ်ကြီး ဖဆပလဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်ရသော  လက်ရင်းလူတစ်ဦးလည်း ဖြစ်သော ဦးဖေခင်သည်  ပင်လုံညီလာခံ ဆောင်းပါးများကို သူကအင်္ဂလိပ်လိုရေး ကျွန်တော်က မြန်မာဘာသာပြန်ဆိုကာ လုပ်သားပြည်သူ့သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ သူမကွယ်လွန်မီ ကိုယ်တွေ့ပင်လုံစာအုပ်ကို သူကအင်္ဂလိပ်သာသာဖြင့်ရေး၊ ရဲခေါင်မောင်မောင်က မြန်မာဘာသာပြန်ဆိုထုတ်ဝေပြီး ကျွန်တော့်ကို ဦးဖေခင်က လက်ဆောင်ပေးခဲ့သည်။

ရှမ်းပြည်နယ်ဦးစီး အဖွဲ့ဝင်ဟောင်း ဦးအုန်းဖေရေးသားသည့် ပင်လုံစစ်တမ်း စာအုပ်၊ မြန်မာ့ဆိုရှယ်လစ်

လမ်းစဉ်ပါတီမှ ပြုစုထုတ်ဝေသည့် ပင်လုံညီလာခံ-  သမိုင်းစဉ်အကျဉ်း- စာအုပ်၊ ၂၀၀၃ ခုနှစ်၊ ဇွန်လတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စုစည်းထုတ်ဝေသော ပင်လုံ-သို့မဟုတ် ပြည်ထောင်စု၏ နှလုံးသားနှင့်လက်ရွေးစင် ဆောင်းပါးများ စာအုပ်၊ စံအောင်(ရှမ်းပြည်) ရေးသားသည့်  ညီညွတ်ရေး-အရေးတော်ပုံ စာအုပ်များကို မဖတ်မနေ ဖတ်သင့်ကြပေသည်။ ကျွန်တော်ရေးသားသော ဆောင်းပါး ၁၄ ပုဒ်ကို ပင်လုံ သို့မဟုတ် ပြည်ထောင်စု၏ နှလုံးသားဆောင်းပါး

ပေါင်းချုပ်၌ ဖော်ပြပါဝင်ခဲ့ပါသည်။   အခြားဆောင်းပါး ပေါင်းချုပ်များတွင်လည်း ကျွန်တော် ဆောင်းပါးများစွာ ရေးခဲ့ပါသည်။ ပင်လုံညီလာခံ၊ ပင်လုံစာချုပ်၊ ပင်လုံသွေးစည်းညီညွတ်မှု၊ ပင်လုံအောင်ပွဲ၊ ပင်လုံစိတ်ဓာတ်(ဝါ)စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များသည် ယနေ့မျိုးဆက် အားလုံးအတွက်   အမွေဆက်ခံသင့်ပေသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်တို့တွင် အသားလွတ် ကျူးကျော်တိုက်ခိုက်(နယ်ချဲ့) လာခဲ့သည်။ ထိုကျူးကျော်စစ်များသည် မြန်မာနိုင်ငံကို အပိုင်းပိုင်းခွဲ၍ သိမ်းပိုက်ကျွန်ပြုခဲ့သည်ဖြစ်ရာ ယင်းကျူးကျော်စစ်တိုင်းမှာပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း-ပအိုဝ်း၊ ဝ၊ လားဟူ စသည့် တိုင်းရင်းသားမျိုးစုံမျိုးချစ်များက ရင်တွင်းဖြစ် မျိုးချစ်ပြည်ချစ်စိတ်ဖြင့် သူ့ကျွန်မခံ-တွန်းလှန်စစ်ပွဲများ ဆင်နွှဲတိုက်ခဲ့ရာ သမိုင်းပြောင်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ ကျွန်ပြုခဲ့၍ ရခဲ့သည့် ဤသို့စည်းလုံးညီညွတ်သော မြန်မာ့မျိုးချစ်စိတ်ဓာတ်ကို နယ်ချဲ့တို့ စိုးရိမ်ထိတ်လန့်ပူပန်လာကြသဖြင့်    အင်္ဂလိပ်တို့သည်  မြန်မာတိုင်းရင်းသား အချင်းချင်း သွေးကွဲစေရန်  ခြေထိုး၊  သပ်လျှို၊ အုပ်စုဖွဲ့၊ တပည့်မွေး၊ ဘက်တော်သား စုဆောင်းလာခဲ့သည်။

မြန်မာဟူသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းမှအစ မြန်မာ့တစ်မြေပေါ်အတူ ဖွားသွေးချင်းသား ချင်းတိုင်းရင်းသား လူမျိုး ၁၃၅ မျိုး၏ စုပေါင်းနာမည်  ပါဠိဘာသာအားဖြင့်  ဒဗ္ဗနာမ်၊

စုပေါင်းမြန်မာ လူမျိုး၏ နာမည် National name အဖြစ် တရားဝင် သတ်မှတ်ခေါ်ဝေါ် သုံးနှုန်းခဲ့ပေသည်။

(၁၉၈၉ ခုနှစ်)မှစ၍ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံ အစိုးရများ၊ အဖွဲ့အစည်းများထံ အကြောင်းကြား ခဲ့သည်။

မြန်မာတို့သည် မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်တို့ကို တောင်းဆိုကြိုးပမ်း လာသည်မှာလည်း ၁၉၀၀ ပြည့်လွန်နှစ်များ ကတည်းကဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းစဉ်ကို ကျောင်းသုံးစာအုပ်များက အစဖော်ပြထားသဖြင့် မြန်မာတိုင်းသိနေကြပြီ ဖြစ်၍ အကျယ်မရေးတော့ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို အမြင့်ဆုံးအဆင့်သို့ ပြည်သူလူထု အင်အားဖြင့် တိုးမြှင့်ကြိုးပမ်း ခဲ့ပေသည်။

လူထုအားကိုပါကြည့်ပြီး အင်္ဂလိပ်တို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ကို လန်ဒန်(ဘိလပ်)သို့ ၁၉၄၆ ခုနှစ်တွင် ဖိတ်ခေါ် ဆွေးနွေးခဲ့ရသည်။ ထိုအချိန်က အင်္ဂလန်တွင် လေဘာပါတီအစိုးရတက်နေချိန်ဖြစ်၍ သဘောထားပျော့ပျောင်းနေချိန် ဒုတိယကမ္ဘာစစ်ဒဏ်ခံရ၍ အင်္ဂလိပ်တို့၏ ဘုရင်နေမဝင်အင်ပါယာကြီး ခေါ် နယ်ချဲ့မှုမှာ ကမ္ဘာ့အရှေ့ဖျားမှ အနောက်ဖျားသို့တိုင် ကျွန်နိုင်ငံများ တန်းစီပိုင်ဆိုင်သွေးစုပ် အမြတ်ထုတ်ချမ်း သာလာချိန် ကိုလိုနီဝေစု မရလိုက်သည့် ဂျာမန်၊ အီတလီ၊ ဂျပန်တို့က နောက်တိုးနယ်ချဲ့ သုံးနိုင်ငံအုပ်စုဖွဲ့ကာ အကြမ်းဖက်ရာ၌ လူမဆန်အောင် ရိုင်းစိုင်းကြမ်းကြုတ် ယုတ်မာသော နည်းများဖြင့် ကိုလိုနီ(ကျွန်နိုင်ငံ)ဝေစုလုရင်း ဒုတိယကမ္ဘာစစ်ဖြစ်နေပြီဖြစ်ရာ ဥရောပနယ်ချဲ့ နိုင်ငံများစွာပင် ဖက်ဆစ်လက်အောက်ကျရောက်ကာ အင်္ဂလန်ဗုံးမိုးရွာခံရကာ အထည်ကြီးပျက်ဖြစ်နေရပြီ။ ထိုအချိန် ကိုလိုနီဘဝမှ လက်အောက်ခံနိုင်ငံများက ရုန်းထွက်တော်လှန်၊ မိမိနိုင်ငံ လွတ်လပ်ရေး ပြန်ရရန် ရာဇသံပေး၍ တိုက်ပွဲအဟုန် မြှင့်တင်လာချိန်ဖြစ်နေသည်။  ထို့ကြောင့် ဗိုလ်ချုပ်တို့ ဘိလပ်သွားကာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးနေခဲ့ကြချိန် ဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ၁၈၈၅ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ရာ၌ မူလမြန်မာနိုင်ငံပိုင်နက် နယ်မြေတစ်ခုလုံး တစ်လက်မမျှမကျန် (အလောင်းမင်းတရား၏ တတိယမြန်မာနိုင်ငံတော် နယ်နိမိတ်တစ်ခုလုံး)ကို သိမ်းယူပြီး မလွှဲသာ၍ လွတ်လပ်ရေးပြန်ပေးရလျှင် မူးတင်းပဲတင်းလုပ်ကာ တောင်ပေါ် (ယနေ့ တိုင်းရင်းသားပြည်နယ်) ဒေသများကို ခြွင်းချန်ခဲ့ပြီး ဗမာတိုင်းဒေသကြီး (ယနေ့ တိုင်းဒေသကြီး (၇) ခု)ကိုသာ ကွက်ပြီး လွတ်လပ်ရေးပေးရန် ကျိတ်ကြံစည်ထားခဲ့သည်။ ထိုအချိန် ရှမ်းပြည်နယ်တွင် ရှမ်းပဒေသရာဇ် စော်ဘွားများ၏ ကိုယ်ကျိုး အဓိကထားပြီး ရှမ်းပြည်သူများအား ဖိနှိပ်ချုပ်ချယ် ဆင်းရဲငတ်မွတ်စေသည်အထိ မင်းမူနေကြ၍ ရှမ်းမျိုးချစ် လူငယ်များဖြစ်သော ရှမ်းပြည် ဦးတင်အေး၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးခွန်ထိပ်၊ ဦးအုန်းဖေ၊ ဦးဘရီ၊ ဦးဆိုင်းသန်းတင် စသည်တို့က ရှမ်းပဒေသရာဇ်ဆန့်ကျင်ရေးနှင့် ရှမ်းပြည်သူများ လွတ်လပ်ရေးကို ရှေးရှုကြိုးပမ်းကာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှား နေကြသည်။

အင်္ဂလိပ်ကလည်း ဗမာမျိုးချစ်တော်လှန်ရေးသမားများနှင့် ရှမ်းပြည်သူတို့ ပူးပေါင်းမိမည်စိုး၍ ဗမာ-မြေပြန့်သားများ တောင်ပေါ်ဒေသ (ရှမ်းပြည်နယ်)သို့ မလာရေးလာလျှင် ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချမည်ဟု ကြေညာထားသည်။ ရှမ်းလူငယ်တို့သည် ဗမာနှင့် ဆက်သွယ်ခဲ့ကြသည်။

အင်္ဂလိပ်ဘုရင်ခံအဆက်ဆက်နှင့် အင်္ဂလိပ်တောင်တန်းဒေသအုပ်ချုပ်ရေးဌာန မဟာမင်းကြီး စတီဗင်ဆင်တို့က ရှမ်းစော်ဘွားများကို ချော့မော့သိမ်းသွင်းသွေးဆောင်ကာ လန်ဒန်သို့-ယခုရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်ကိုယ်စားလှယ်မဟုတ်၊ ဗမာကိုယ်စားလှယ် မျှသာ ဖြစ်သည်။ ရှမ်းတို့သဘောထားသိရန် မိမိတို့ ရှမ်းစော်ဘွားများကိုသာ ဖိတ်ပါ-ဟူသော ကြေးနန်းရိုက်ကာ ဗိုလ်ချုပ်တို့ကို အကျပ်ရိုက်စေခဲ့သည်။ အင်္ဂလိပ်လေဘာပါတီဝန်ကြီးချုပ် အက်တလီက  ဗိုလ်ချုပ်တို့ထံ ကြေးနန်းပြပြီး ဗမာ့လွတ်လပ်ရေး သက်သက်ကိုသာ ဆွေးနွေးစေလို ကြောင်း ပြောသည်။ ဗိုလ်ချုပ်ကမူ တိုင်းရင်းသားစုံမြန်မာအားလုံး  မြန်မာ့မူလ  နယ်နိမိတ်အတိုင်း လွတ်လပ်ရေးရလိုကြောင်း ပြောသည်။ ထိုသို့ပြောသည်မှာ မြှုပ်ကွက်တစ်ကွက်ကရှိနေပေသည်။

ဗိုလ်ချုပ်နှင့်အတူ ဘိလပ်သို့ လိုက်ပါသွားသော  ဖဆပလခေါင်းဆောင်များက    စော်ဘွားတို့၏ ကြေးနန်းအကြောင်း ဖဆပလဌာနချုပ်သို့ ကြေးနန်းရိုက်အကြောင်းကြားသည်။ ဖဆပလဌာနချုပ်က ဦးတင်အေး၊  ဦးခွန်ထီး၊  ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးထွန်းမြင့်(လင်းခေး)၊ ဦးလှဖေ စသည့် ရှမ်းပြည်  ပြည်သူ့လွတ်လပ်ရေး အဖွဲ့သို့   အကြောင်းကြားရာ   ရှမ်းမျိုးချစ်လူငယ်များက   တောင်ကြီးမြို့တွင် ရှမ်းပြည်သူ နှစ်သိန်းကျော်တက်သော လူထုအစည်းအဝေးကြီး ကျင်းပပြီး ဆန္ဒဖော်ထုတ်ပြသခဲ့သည်။

ထိုရှမ်းလူထုအစည်းအဝေးကြီးက   မိမိတို့လည်း တိုင်းခြားသားနယ်ချဲ့အောက်၌     မနေလိုပါ။ ယခုချက်ချင်းပင် အင်္ဂလိပ်တို့ရှမ်းပြည်မှ ထွက်ခွာပေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိတို့ ရှမ်းတိုင်းရင်းသား ပြည်သူတို့၏ ကိုယ်စားလှယ်ဖြစ်သည်။ ဗိုလ်ချုပ်သဘောတူသမျှ  မိမိတို့ရှမ်းပြည်မှ တိုင်းရင်းသား အားလုံးက သဘောတူသည်ဟူ၍ လန်ဒန်ကို ကြေးနန်းပြန်ရိုက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေး စာချုပ်ဖြစ်သည့် အောင်ဆန်းအက်တလီစာချုပ်ကို နှစ်ဖက် လက်မှတ်ရေးထိုး ဖြစ်သည်။ သို့တိုင် အင်္ဂလိပ်နန်းရင်း ဝန်အက်တလီက ဗိုလ်ချုပ်အား မြန်မာပြည်ပြန်ရောက်လျှင် တိုင်းရင်းသားတို့၏ သဘောဆန္ဒမှန်ကို မေးမြန်းကြည့်ရန်နှင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ကျင်းပမည့် ပင်လုံညီလာခံသို့လည်း ဗိုလ်ချုပ်တက်ပါဟု မှာကြားသည်။

ဗိုလ်ချုပ်သည် မြန်မာပြည်ပြန်ရောက်လျှင် တောင်တန်းဒေသတိုင်းရင်းသားများထံ  သွားရောက် တွေ့ဆုံပြီး သဘောထားမေးမြန်းသည်။ ဗိုလ်ချုပ်အား ကချင်ဝတ်စုံ၊ ချင်းဝတ်စုံ၊ ကရင်ဝတ်စုံ၊  ရှမ်းဝတ်စုံများ  ဝတ်ကာသက်ဆိုင်ရာ တိုင်းရင်းသားများနှင့်အတူ ရိုက်ခဲ့သည့် ဓာတ်ပုံများမှာ ထိုခရီးစဉ်ပင် ဖြစ်သည်။ အင်္ဂလိပ်တို့ကလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ကာ ပြင်ဦးလွင်၌ ရုံးထိုင်ကာ တိုင်းရင်းသား လူမျိုးခေါင်းဆောင်များကို ခေါ်တွေ့ပြီး ဗမာတွေနဲ့အတူ လွတ်လပ်ရေးမယူချင်ဘူး လားဟု ရေလာမြောင်းပေးမေးသည်။ တိုင်းရင်းသားအားလုံးက ဗမာနှင့်အတူ လွတ်လပ်ရေးယူမည်ဟု လေးလေးစားစား ဖြေကြားခဲ့သည်။

မြန်မာ့လွတ်လပ်ရေး ပေးရလျှင် မြန်မာနိုင်ငံကိုလည်း အပိုင်းပိုင်း အတစ်တစ်ဖြစ်စေရန် နယ်ချဲ့အင်္ဂလိပ်အစိုးရက ကြိတ်၍ကြံစည်ခဲ့သည်။ ရှမ်းပြည်နယ်မျိုးချစ် လူငယ်ရလလဖ အဖွဲ့တွင်ပါဝင်သော ဦးစံအောင်သည် ပဒေသရာဇ်ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းများတွင် အစဉ်တစိုက် ပါဝင်ခဲ့ကာ စာပေရေးသားသူ စာရေးဆရာ မြန်မာ့အလင်း သတင်းစာတိုက်ကြီး၏ ရှမ်းပြည်နယ် သတင်းထောက်လည်းဖြစ်ကာ ဒုတိယ ကမ္ဘာ့စစ်အတွင်း အာရှလူငယ် အစည်းအရုံးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ ဦးညီပုသည် တောင်ကြီးရှိ အင်္ဂလိပ်အစိုးရက ကော်မရှင်နာ(တိုင်း/ပြည်နယ်မင်းကြီး)ရုံး၊ ခရိုင်တရားရေးဌာန၏ ဌာနကြီးမှူးဖြစ်သည်။ (နောင်ရှမ်းပြည်နယ်အစိုးရဖြစ်လာသည်)က ဦးစံအောင်ထံ ဆက်သွယ်၍ ၎င်း၏ရုံးသို့ မြန်မာ့အလင်း သတင်းစာအဟောင်း နှစ်စောင်ယူလာပါဟု မှာ၍ ဦးစံအောင်သည် ရဲဘော်အေးမောင် (မိုးနဲ)နှင့်အတူ သွားခဲ့သည်။ ဦးညီပုက ရဲဘော်အေးမောင်အား စီရင်ချက်ချပြီး အမှုတစ်ခုကိုဖတ်ပြီး သတင်းရေးသားရန် မိမိရုံးခန်းထဲ၌ ထားခဲ့ပြီး ဦးစံအောင်အား ရုံးအောက်ရှိ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားသည်။ လူရှင်းသော စားပွဲတွင် ထိုင်ပြီးလက်ဖက်ရည်သောက်၊ အလ္လာပသလ္လာပ စကားများပြောနေရာမှ အလစ်တွင် စာရွက်တစ်ရွက်ထုတ်ယူကာ ဦးစံအောင် ယူလာသည့် မြန်မာ့အလင်းသတင်းစာ အဟောင်းအတွင်း ညှပ်ထည့်ပေးလိုက်သည်။ ထိုစာမှာ အလွန်အရေးကြီး၍ ရလလဖ လူကြီးများအားပြပြီး ရန်ကုန်ဗိုလ်ချုပ်အောင်ဆန်းထံပို့ပါဟု တီးတိုးမှာကြားသည်။

ဦးစံအောင်သည် ရလလဖရုံးရောက်မှ ထိုစာကို ဖွင့်ဖတ်ကြည့်ရာ အင်္ဂလိပ်ဘုရင်ခံအစိုးရတောင်တန်း ဒေသ မဟာမင်းကြီးစတီဗင်ဆင်က တောင်တန်းဒေသအတွင်းရှိ ကော်မရှင်နာရုံးများသို့ လျှို့ဝှက် ပေးပို့သော ညွှန်ကြားစာအမိန့် ဖြစ်နေကြောင်း တွေ့ရသည်။ ထိုစာတွင် မြန်မာနိုင်ငံကို  လွတ်လပ်ရေး ပေးရသောအခါ တောင်တန်းဒေသ (ယနေ့တိုင်းရင်းသားပြည်နယ်)တို့ကို လွတ်လပ်ရေး မပေးဘဲ ဆက်လက်၍ မိမိတို့က အုပ်ချုပ်နိုင်အောင် ကြိုတင်စီစဉ်ပြင်ဆင်ထားရန် အမိန့်ဖြစ်နေသည်။ သို့ဖြင့် ရလလဖမှ ဦးတင်အေးတို့ကို ပေးအပ်သည်။ ထိုအချိန်မှာပင် ရန်ကုန်ဖဆပလ ဌာနချုပ်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဖေခင်သည် ကိစ္စတစ်ခုဖြင့် တောင်ကြီးသို့ရောက်လာသည်။ ဦးတင်အေးတို့က ဗိုလ်ချုပ်လက်ထည့်ပေးရန် ထိုစာကို ဦးဖေခင်အား ပေးအပ်ရာ ဦးဖေခင်သည် အရေးတကြီး ရန်ကုန်ပြန်ပြီး ဗိုလ်ချုပ်လက်သို့ ထိုစာကိုပေးအပ်သည်။ ထိုအခါတွင်မှ ဗိုလ်ချုပ်တို့က နယ်ချဲ့၏ ကောက်ကျစ်သော သွေးခွဲသည့်အစီအစဉ်ကိုသိကာ ပြည်ထောင်စုတစ်ခုလုံး၊ မြန်မာပိုင်နက် နယ်မြေအားလုံး လွတ်လပ်ရေးပေးရန် တောင်းဆိုတိုက်ပွဲဝင်လာတော့သည်။ သို့တိုင် အင်္ဂလိပ် အစိုးရက တောင်ပေါ်ဒေသများကို ခြွင်းချန်ဧရိယာအဖြစ် ထားခဲ့ရခြင်းမှာ တိုင်းရင်းသားများသည် မိမိဒေသ၊ မိမိနိုင်ငံကို မအုပ်ချုပ်မစီမံတတ်သေး၍ ချန်ခဲ့ရခြင်းဖြစ်ကြောင်း ဆင်ခြေပေးလာခဲ့သည်။

တောင်ကြီးခရိုင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့လေးတွင် ၁၉၄၆ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံက သူ့အစိုးရနှင့် ရှမ်းစော်ဘွားတို့ပူးပေါင်းမိနေကြောင်း ပြသရန် ပထမပင်လုံညီလာခံဟုဆိုသော ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်း ပြပွဲအမည်ခံပွဲတစ်ပွဲ ကျင်းပခဲ့သည်။ ထိုပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း မလာပါ။ သခင်နုနှင့် ဂဠုန်ဦးစောတို့တက်သည်။ ဂဠုန်ဦးစောက အင်္ဂလိပ်တို့ပေးပို့သော ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ကျွန်စော်နံသော ဒိုမီနီယံလွတ်လပ်ရေးကောင်းကြောင်း၊ မြန်မာတို့ယူသင့်ကြောင်း ဟောပြောရာ ရှမ်းပြည်ဦးတင်အေးက ရန်ကုန်မှာတောင် ဝယ်လိုသူမရှိတဲ့ ဒိုမီနီယံကို ရှမ်းပြည်မှာ လာမကြေညာပါနဲ့ဟု ပြောခဲ့သည်။

ထိုပထမပင်လုံတွင် စော်ဘွားများက ပင်လုံပထမညီလာခံကျင်းပရေး စရိတ်ကာမိစေရန် လောင်း ကစားဝိုင်း များစွာအား  ခွင့်ပြုခဲ့သဖြင့်  ရှမ်းပြည်သူတို့ ပိုမိုဆင်းရဲကျပ်တည်း လာခဲ့ရသည်။

ဒုတိယပင်လုံညီလာခံကိုလည်း အင်္ဂလိပ်တို့က သူတို့အပိုင် သိမ်းသွင်းလေနိုင်သော စော်ဘွားတစ်စုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စုပေါင်းဆန့်ကျင်လွှတ်ရန် ရည်ရွယ်ကျင်းပကြခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်ခဲ့သည်။ သို့သော် ထိုညီလာခံကို သက်ကြီးဝါကြီး စော်ဘွားကြီးများက ဦးစီးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ပလောင်တောင်ပိုင်း စော်ဘွားကြီးစဝ်ခွန်ပန်းစိန်၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်းနှင့် သက်ကြီးဝါကြီး စော်ဘွားအချို့က ရှမ်းပြည်နယ်ကို နယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်လိုကြသည်။

ထို့ကြောင့်အင်္ဂလိပ်သွေးထိုးပေးသည့်တိုင်  ပင်လုံညီလာခံမပျက်စေရန် အောင်မြင်စေရန် ထိန်းသိမ်း နိုင်ခဲ့ကြသည်။

ညီလာခံသို့ ရှမ်းစော်ဘွားများ၊ ကယားများ၊ ကချင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား များနှင့်အတူ ရှမ်းပြည်သူရဲ့ ကိုယ်စားလှယ်(ရလလဖ အဖွဲ့ခေါင်းဆောင်)များ တက်ရောက်ကြသည်။ ကရင်ကိုယ်စားလှယ် တို့လည်း တက်ကြသည်။ သို့သော် ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှ ရောက်လာကြသဖြင့် လက်မှတ်ထိုးပွဲမမီလိုက်ကြခြင်း ဖြစ်သည်။ ကချင်ကိုယ်စားလှယ်များကို ဆမားဒူးဝါးဆင်ဝါးနောင် ဦးဆောင်သည်။ ကချင်အဖွဲ့ရောက်လာသော နေ့တွင် တိုင်းရင်းသားစုံအစည်းအဝေးရှိသည်။ ထိုအစည်းအဝေးသို့ ကချင်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ရန်   အင်္ဂလိပ်တောင်တန်းဒေသအုပ်ချုပ်ရေး အရာရှိ မစ္စတာနောက်က ကချင်များ ခရီးရောက်မဆိုက် နေ့လယ်စာစားပွဲဖြင့် တည်ခင်းလိုကြောင်း ဖိတ်သည်။ ဆမားဒူးဝါးဆင်ဝါးနောင်က ဒီကောင်တွေတို့ကိုတိုင်းရင်းသားပေါင်းစုံ အစည်းအဝေးမတက်အောင် တမင်လုပ်တာ၊ တို့ကချင်တွေဟာ ချွေးစော်နံတယ်၊ ညစ်ပတ်တယ်၊  သူတို့နှင့်မကပ်စေချင်ဘူးဆိုတဲ့ အင်္ဂလိပ်ကောင် တွေက တို့ကိုနေ့လယ်စာနဲ့ ဂုဏ်ပြုဧည့်ခံချင်သတဲ့လား၊ ပြောလိုက်ကွာ အဲဒီနေ့လယ်စားပွဲကို တို့မလာနိုင်ဘူး။ တို့မှာ အရေးကြီးတဲ့ အစည်းအဝေးရှိတယ်လို့ ပြန်ပြောလိုက်ဟု ယတိပြတ်ငြင်းဆန် ခဲ့သည်။

အင်္ဂလန်အစိုးရကလည်း ပင်လုံညီလာခံသို့ လန်ဒန်မှ ကိုလိုနီဆိုင်ရာ အတွင်းဝန် ဆာဘော့ထွက်အလေး

မြန်မာနိုင်ငံရှိ တောင်တန်းဒေသဆိုင်ရာမင်းကြီးစတီဗင်တို့ကို တက်ရောက်စေခဲ့သည်။ ညီလာခံ ပျက်အောင် သွေးခွဲဖျက်ဆီးရန် တာဝန်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် စတီဗင်ဆင်က -သူပြောသမျှ နားယောင်တတ်သောစော်ဘွားများအား ဤသို့ပြောခဲ့သည်။

ခင်ဗျားတို့ကို ဗမာတွေက လိုက်လျောလွန်း နေပါကလား။ အဲဒါလုံးဝမယုံလိုက်နဲ့၊ ခင်ဗျားတို့ကို ထောင်ချောက်ဆင်နေတာ မှတ်ထား။ ခင်ဗျားတို့ အောင်ဆန်းမျက်နှာ သေချာကြည့်၊ ဖက်ဆစ် ဂျပန်တွေကို မြန်မာနိုင်ငံထဲ ပင့်လာတာ အဲဒီအောင်ဆန်းပဲ၊ အောင်ဆန်းမျက်နှာကိုက ဂျပန်ဖက်ဆစ်ရုပ်ပေါက်နေတာ ဟူ၍လည်းကောင်း။

ခင်ဗျားတို့ ဗမာနဲ့ပေါင်းပြီး လွတ်လပ်ရေးသွားယူရင် မွဲဗမာပဲဖြစ်လာမယ်။ အောင်ဆန်းကိုယ်တိုင် ပြောနေတာပဲ။ မိမိတို့မှာ ငွေကြေးမရှိ၊ ဆင်းရဲတယ်။ သူကိုယ်တိုင်မှာတောင် အဝတ်အစားမပြည့်စုံဘူး။ နိုင်ငံခြားက (အိန္ဒိယမှနေရူးက ဘိလပ်သွားခါနီး လက်ဆောင်ပေးခဲ့သော) ဝတ်စုံသစ်နှစ်စုံပဲ ရှိတယ်တဲ့။

ခင်ဗျားတို့သူနဲ့အတူ လိုက်လုပ်ရင်မွဲကြမယ်။ ငတ်ကြမယ်။ ကျုပ်တို့(အင်္ဂလိပ်)နဲ့နေခဲ့ပါ။ လောလောဆယ် စော်ဘွားနယ်တိုင်းကို ငွေကုဋေများစွာ ထောက်ပံ့ပေးထားမယ်။ နောင်သင့်တော်တဲ့ အခါကျမှ လွတ်လပ်ရေးယူကြပေါ့။ အခုတော့ ဒိုမီနီယံလောက်နဲ့ ကျုပ်တို့နဲ့အတူနေကြ။ ခင်ဗျားတို့ လွတ်လပ်ရေးယူတဲ့အခါ ပြည်မနဲ့ဆက်သွယ်ဖို့လေယာဉ်ကွင်း၊ ဘူတာရုံ၊ ကားဂိတ်တွေ ကျွန်ုပ်တို့ဆောက်ပေးမယ်။

သို့သော်။

ပင်လုံညီလာခံအစောပိုင်းကာလ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလဆန်း ၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း

နှင့်တကွ ကိုယ်စားလှယ်များကို ပင်လုံညီလာခံ၏နာယကကြီးများသဖွယ် ဦးဆောင်နေသော ပလောင်

တောင်ပိုင်စော်ဘွားကြီးစဝ်ခွန်ပန်းစိန်က ညစာတည်ခင်းကြိုဆိုဧည့်ခံသည်။ ဗိုလ်ချုပ်ကိုလည်း နှုတ်ဆက်မိန့်ခွန်းပြောပါဆို၍ ဗိုလ်ချုပ်က မိမိ ယခုပင်လုံကို လာရသည့်အကြောင်းမှာ လွတ်လပ်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား အမှန်ကို ကြားလို၍ ဖြစ်သည်။ မိမိတို့ဗမာများ အနေနဲ့ ၁၉၄၇ ခုနှစ်အကုန် ၁၉၄၈ ခုနှစ်ဆန်းလျှင် လုံးဝလွတ်လပ်ရေးယူတော့သည်။ တိုင်းရင်းသားများကို မိမိတို့နှင့်အတူ မယူမနေရ လွတ်လပ်ရေးယူပါဟု အတင်းအကျပ်မပြောလို၊ မယူပါနဲ့ဟုလည်း မတားလို။ အားလုံးဆန္ဒအတိုင်း ပြောကြပါ။ အတူယူကြမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို အာမခံသောဥပဒေများ ပြုပေးခဲ့ချင်၍ ဖြစ်သည်။

ယခုမယူလိုသော်နောင်မှ ယူမည်ဆိုလျှင်လည်း အားလုံးသဘောပါပဲ။ ကျွန်တော်တို့ အခုလွတ်လပ်ရေး ရအောင် နှစ်ပေါင်းငါးဆယ်ကျော်၊ ခြောက်ဆယ်အသက်ပေးစွန့်စား ရယူခဲ့ရပါတယ်။ ခင်ဗျားတို့ နောင်မှယူမယ်ဆိုလျှင်လည်း  မည်မျှကြာအောင်  တိုက်ယူရမည်မသိပါ။ မိမိရဲ့ဆန္ဒအတိုင်း ကြိုးပမ်းကြပေါ့ ဟု ပြောသည်။

သဘာပတိစဝ်ခွန်ပန်းစိန်က နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင်- ဗိုလ်ချုပ်က ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောသည်ကို ကျေးဇူးလည်းတင်ပါသည်။ ဝမ်းလည်းသာပါသည်။  မိမိတို့တိုင်းရင်းသား များကလည်း  မိမိတို့ဆန္ဒအမှန် ပြောပါမည်။ မိမိတို့လည်း နိုင်ငံခြားသားများ အုပ်စိုးမှုအောက် ပြားပြားဝပ်နေလာရတာ ကြာပြီဖြစ်၍ ဆက်လက်မနေလိုကြပါ။ ထို့ကြောင့် ဗမာများနှင့်အတူ လွတ်လပ်ရေးယူပါမည်။ ဗိုလ်ချုပ်စိတ်ချပါဟူ၍ ပြောကြားခဲ့သည်။

ညီလာခံရက်များတွင် နယ်ချဲ့တို့ စကားနားယောင်သော စော်ဘွားအချို့က ပင်လုံစာချုပ် လက်မှတ်မထိုးနိုင်ဟု စာပြန်လာသည်။  ဗိုလ်ချုပ်သည်ပင်  သူရဲ့ဆန္ဒက ဒီလိုဆိုလည်း ပြီးပြီပေါ့။ မနက်ဖြန် ရန်ကုန်ပြန်မယ်။

လေယာဉ်ပျံမှာလိုက်တော့ဟု  သူ၏ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)ကို ပြောတော့ သည်။ စဝ်ခွန်ပန်းစိန်၊ စဝ်စံထွန်း စသည့်တိုင်းရင်းသားခေါင်းဆောင်များကို ဗိုလ်ချုပ်ကိုလည်းဖျောင်းဖျ၊ ကျန်တိုင်းရင်းသားစော်ဘွားများကိုလည်း ဖျောင်းဖျ ဖဆပလခေါင်းဆောင်များကလည်း စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြကြသဖြင့် ၁၂-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို ကချင်၊ ကယား၊ ချင်း၊ ဗမာတိုင်းရင်းသားများ၊ စော်ဘွားများ၊ ဒူဝါး၊ တောင်ပိုင်၊ အရပ်သားပြည်သူ့ ကိုယ်စားလှယ်များက  စည်းလုံးညီညွတ်မှု ပြသနိုင်ကြ၍ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်တို့ကြံရွယ်ထားသည့် ဗမာ့လွတ်လပ်ရေး(ခေါ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး လုံးဝလွတ်လပ်လာခဲ့လေသည်။ ပင်လုံညီလာခံကို မိမိတို့ ဖျက်ပစ်လိုသည့်အတိုင်း ညီလာခံပျက်ပြီး အောင်ဆန်းတို့ နောက်ကောက်ကျပြီဟူသော သတင်းကို ဒူးတနှန့်နှန့်နှင့် ထိုင်စောင့်နေသော ဘိလပ်မှနန်းရင်းဝန်ကြီးအက်တလီက ပင်လုံအောင်ပွဲကြေးနန်းရ၍   အပြင်းအထန်တုန်လှုပ်သွားသည်

ဟူ၏ . . . ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် အဓွန့်ရှည်ပါ စေသောဝ်။  ။

တက္ကသိုလ်မြတ်သူ