ပြည်တွင်း ပြောင်းဈေးကွက်အတွင်း ဝယ်လိုအား များနေသောကြောင့် ပြောင်းစိုက်တောင်သူများ ဈေးကောင်းရရှိ
ယခုလအတွင်း ပြည်တွင်းပြောင်းဈေးကွက်၌ ဝယ်လိုအား များနေသောကြောင့် ပြောင်းစိုက်တောင်သူများ ဈေးကောင်းရရှိနေကြောင်း ပြောင်းစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးတိုးတက်နိုင်၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁ဝ ရက်က ပြောင်းတစ်ပိဿာလျှင် မန္တလေးဈေးကွက်၌ ငွေကျပ် ၇၇၅ ကျပ်၊ ရန်ကုန်ဈေးကွက်၌ ငွေကျပ်၈၂ဝ နှင့် မြဝတီဈေးကွက်၌ ငွေကျပ် ၈၇ဝ အထိ ဈေးနှုန်းရှိနေသည်။
''ဒီရက်ပိုင်းက ပင်လယ်ရေကြောင်း အပြင် အစာစပ်စက်ရုံတွေကပါ အဝယ်လိုက်နေတော့ ဈေးတက်လာတာပါ။ ဝယ်လိုအားများနေတော့ တောင်သူတွေ ဈေးကောင်းရနေတယ်'' ဟု ဦးတိုးတက်နိုင်က ပြောသည်။
လက်ရှိတွင် ပြောင်းကို မြဝတီနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အများအပြား တင်ပို့လျက်ရှိပြီး တရုတ်၊ လာအို စသည့်နိုင်ငံများနှင့် ပင်လယ်ရေကြောင်းမှ တစ်ဆင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။
ပြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌ စိုက်ပျိုးကြကြောင်း သိရသည်။