မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံ ပန်ကြားခြင်း

မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံ ပန်ကြားခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ''စိန်ရတု'' ပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့် တက်ရောက်စဉ် ကာလအတွင်း ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ကြပါရန် အထူးဖိတ်ကြား အပ်ပါကြောင်းကို ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့မှစ၍ သတင်းစာ၌ နေ့စဉ်ထုတ်ပြန် ကြေညာခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။

ထိုနည်းတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသောတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဘာသာအသီးသီးကို ယုံကြည်ကိုးကွယ်ကြသောဘာသာဝင်ညီအစ်ကို မောင်နှမများတို့သည်လည်း ပြည်ထောင်စုကြီး ''ထာဝရငြိမ်းချမ်းရေးရရှိစေရန်'' အလွန်မျှော်လင့် စောင့်စားလျက်ရှိနေကြပါသည်။

သို့ဖြစ်ပါ၍ ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်း ကိစ္စများတွင် သက်ဆိုင်သူ ခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ် ပန်ကြားအပ်ပါသည်။

''ငြိမ်းချမ်းစေတတ်သော သူတို့သည် မင်္ဂလာရှိကြ၏ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏ သားတော်များဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့''  (ရှင်မဿဲ ၅း၉)

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ