ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်သည်။   

တိုင်းပြည်လွတ်လပ်ရေးအတွက် များစွာ အရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသား ညီအစ်ကိုများအကြား၊ တောင်တန်းနှင့် ပြည်မအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းပကားဖြင့် နယ်ချဲ့တို့ကို တိုင်းပြည်အတွင်းမှ မောင်းထုတ်နိုင်ခဲ့သည်။ နယ်ချဲ့တို့သည် တိုင်းပြည်အတွင်းမှ ထွက်ခွာသွားရသော်လည်း တိုင်းရင်းသားညီအစ်ကိုများ အကြားတွင် သပ်လျှိုသွေးခွဲသည့် မျိုးစေ့ကိုချထားခဲ့သည်။  လက်ရှိအချိန်အထိ ထာဝရငြိမ်းချမ်းရေး တည်ဆောက် နိုင်ရေး များစွာကြိုးပမ်းရဦးမည် ဖြစ်သည်။

အားလုံးအတွက်ထာဝရငြိမ်းချမ်းရေး

အမှန်တော့လွတ်လပ်ရေးဗိသုကာ  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ခဲ့သော်လည်း  လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများအကြား စိတ်ဝမ်းကွဲပြားခဲ့ကြသည်။  နယ်ချဲ့တို့၏ သပ်လျှို သွေးခွဲမှုကြောင့်  အစိုးရအပေါ် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်။  ထို့ကြောင့် လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့သာလျှင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် NCA လက်မှတ် ရေးထိုးနိုင်သေးသည်။ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ကျန်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအကြား  ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသွားမှသာလျှင် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်။

အထူးသဖြင့် တပ်မတော်သည် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံ အစိုးရအနေဖြင့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့သည်။  ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ၂၀၂၂ ခုနှစ်    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုရှိအောင်  တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံဆွေးနွေးလျက်ရှိသည်။ ညီနောင်တိုင်းရင်းသားများ အနေဖြင့် တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးအမှန်တကယ် တည်ဆောက်သွားလိုလျှင်   လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သင့်ပြီ ဖြစ်သည်။ အစိုးရနှင့် အကျေအလည် ဆွေးနွေးသင့်ပြီ ဖြစ်သည်။ ညီအစ်ကိုများအကြား မတူညီမှုများကို ဖယ်ရှားလျက် တူညီသည့် အကြောင်းအရာများမှ  စတင်ဆွေးနွေးသင့်ပြီ ဖြစ်သည်။

တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုကို   တည်ဆောက်သွားကြရန် လိုအပ်သည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တစ်ရက်စောပြီး တည်ဆောက်နိုင်လျှင်  ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိနေမည် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်  မြန်ဆန်လျှင် ကောင်းမွန်လေပင်ဖြစ်သည်။  မည်သို့ပင်ဆိုစေကာမူ  တိုင်းရင်းသား ညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှု ပုံစံမျိုးကို ပြန်လည်ရရှိအောင် တည်ဆောက်သွားသင့်ပါသည်။

သို့သော် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသော မဲမသမာမှုဖြစ်ပေါ်ခဲ့ရာမှ လက်ရှိအချိန်တွင်  CRPH  နှင့် NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများ၊ ပြည်တွင်းပြည်ပရှိ NGO များနှင့် INGO များ၊ ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် NLD အစွန်းရောက်များနှင့် PDF အမည်ခံ  အကြမ်းဖက် သောင်းကျန်းသူများသည် ဒေသအချို့တွင် ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြသည်။ ပြည်သူပိုင် လမ်း၊တံတား၊ စာသင်ကျောင်းများ၊ တပ်၊ လုံခြုံရေးစခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဆရာ၊ ဆရာမများ၊ ရဟန်းသံဃာတော်များနှင့် အပြစ်မဲ့ ပြည်သူများကို  အကြောင်းမဲ့ သတ်ဖြတ်ခြင်းများကို လူမဆန်စွာ လုပ်ဆောင်လျက်ရှိကြသည်။ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများ  ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို လူမဆန်စွာ သတ်ဖြတ်လျက် ရှိကြသည်။ ထိုသို့အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်းသည် ဒီမိုကရေစီနှင့် လုံးလုံးလျားလျား ဆန့်ကျင်လျက် ရှိသည့်အပြင်  အေးချမ်းစွာနေထိုင်လိုသော ပြည်သူများကိုလည်း     ဒုက္ခပေးနေသလိုဖြစ်နေသည်။

စုပေါင်းလုပ်ဆောင်သင့်

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရန်အတွက် အသက်တမျှ အရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှုအင်အား  ချည့်နဲ့ ယိုယွင်းလာသောနိုင်ငံသည်  အဘက်ဘက်မှအနုတ်လက္ခဏာဆောင်လာမည်ဖြစ်သည်။ ထို့ပြင် စည်းလုံး ညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်းအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ပေသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးတွက် မောင်းနှင်အားတစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအကြား   သံသယများ ဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက်သွားရန်လိုအပ်နေမည်ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုများအကြား ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကိုသာ ခိုင်မာစွာ တည်ဆောက် ထားနိုင်မည် ဆိုလျှင် တိုင်းပြည်အင်အား တောင့်တင်းခိုင်မာနေမည် ဖြစ်သည်။ အင်အား တောင့်တင်းခိုင်မာနေသော နိုင်ငံကို မည်သည့်နိုင်ငံက မျှကျူးကျော်ရန်စဝံ့မည် မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုနိုင်ငံသည် စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အမြဲတစေ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်   တိုင်းပြည် တည်ဆောက်ရေးတို့တွင် စုပေါင်းအားဖြင့် ကြိုးပမ်းအားထုတ်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ညပင်လုံမြို့၌ ပြုလုပ်သည့်စော်ဘွားများထမင်းစားပွဲတွင် မြွက်ကြားခဲ့သည့် အချက်များအနက်မှ အချို့ကိုကောက်နုတ်ဖော်ပြရလျှင် တစ်တိုင်းပြည်လုံးကြီးပွား တိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ပူးပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာအကျိုးရှိနိုင်မယ် ဟု တိုက်တွန်းပြောကြားခဲ့သည်။        

ပင်လုံစိတ်ဓာတ်ကိုအခြေခံသင့်

စင်စစ်အားဖြင့် ရှေးနှစ်ပေါင်းများစွာ ကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူရှိအတူ  အေးအတူပူအမျှ အတူတကွနေခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများသည် လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း သာတူညီမျှ အခွင့်အရေးမရရှိကြဘူး ဆိုသောအမြင်သဘောထားများ ကိန်းအောင်းလာကြသည်။ ထို့ကြောင့်  အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား ညီအစ်ကိုများနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ခဲ့ကြသည်။  စားပွဲဝိုင်းတွင်  အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြသည်။   စင်စစ်အားဖြင့် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိသော နိုင်ငံသား အားလုံး  သာတူညီမျှ အခွင့်အလမ်းများ ခံစားခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် အတိအလင်းပြဋ္ဌာန်းထားရှိသည်။

အထူးသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-

(၂၁) ရာစုပင်လုံအစည်းအဝေးများတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁)၊ (၂)၊ (၃)တို့အရစုစုပေါင်း သဘောတူညီချက် ၇၁ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီ ဖြစ်သည်။   ထိုသဘော တူညီချက်များသည် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်  အခြေခံမူများပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ တိုင်းရင်းသား ညီအစ်ကိုများအကြား ပင်လုံတွင် သန္ဓေတည်ခဲ့သော စည်းလုံးညီညွတ်မှုကို အခြေခံ၍   ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဆိုလျှင် မြေကြီးလက်ခတ်မလွဲအောင်မြင်မှု ရရှိလိမ့်မည်အပြင် တိုင်းရင်းသားအားလုံး လိုလားတောင့်တ နေသည့်  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကိုလည်း အခိုင်အမာ တည်ဆောက် နိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ် မွေးကြစို့ စိတ်ဓာတ်ဆိုသည်မှာ စိတ်ထား၊ သဘောထား၊ နှလုံးသွင်းပုံနှင့် စိတ်၏အမူအကျင့်ဖြစ်သည် ဟု မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်ကို လေ့လာမှတ်သားရသည်။ ပြည်ထောင်စုစိတ်ဓာတ် ဟူသည် ပြည်ထောင်စုကြီး တစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထား ခံယူချက်ပင်ဖြစ်သည်။တစ်နည်းအားဖြင့်ဆိုသော် ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာ   ပြည်ထောင်စုတိုင်းရင်းသား အားလုံးဥမကွဲသိုက်မပျက် အေးအတူ ပူအမျှပူးပေါင်းနေထိုင် လိုသည့် တစည်းတလုံးတည်းသော စိတ်ဓာတ်ပင် ဖြစ်ပေသည်။

မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးအား လေ့လာကြည့်မည်ဆိုပါက ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာထိန်းသိမ်းထားနိုင်ခြင်း မရှိသော နိုင်ငံအချို့သည် ပြည်ပသြဇာလွှမ်းမိုးမှု အမျိုးမျိုးအကြားတွင်

အချင်းချင်း သွေးကွဲလျက်ရှိသည်ကို  စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်နေရသည်။  ထိုသို့သွေးကွဲလာပါက ပြည်တွင်းပဋိပက္ခများ၊ စ်ပွဲများဖြစ်ပွား၍ အင်အားချည့်နဲ့ ယိမ်းယိုင်ပြိုကွဲသွားသည်ကို သင်ခန်းစာယူဖွယ် တွေ့မြင်နေရသည်။ ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည် တိုင်းပြည်၏ မည်သည့် ဒေသတွင် နေထိုင်သည်ဖြစ်စေ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ကျဉ်းမြောင်းသည့် ဝါဒများနှင့် သံသယများကိုချေဖျက်ကာ ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် အားလုံးပါဝင် ကြိုးပမ်းသွားရန် လိုအပ်ပါကြောင်း (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုရေးသားအပ်ပါသည်။  ။

မောင်သောင်းဝင်း(တမန်ဟောင်း)