ကနဦးသုံးသပ်ချက်
အိုမီခရွန်မျိုးကွဲသည် ယခင်မျိုးကွဲများထက် ကူးစက်မှု နှုန်းပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု တွင် ဒယ်လ်တာမျိုးကွဲလောက်ပြင်းထန်မှုမရှိကြောင်း အချက်အလက်များအရ သိရှိရပါသည်။ တောင်အာဖရိက နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် စောင့်ကြည့်လေ့လာ သုတေသနပြုမှုများအရ အိုမီခရွန်မျိုးကွဲသည် လူထုတွင်းကူးစက်မှုရှိနေပြီဖြစ်ကြောင်း သိရှိပြီးသည်နှင့် နှစ်ပတ်ခန့်မှ စတင်၍ ပိုးတွေ့နှုန်းတစ်ရှိန် ထိုးမြင့်တက်လာတတ်ပြီး ခြောက်ပတ်မှ ရှစ်ပတ်ခန့်အတွင်း
အမြင့်ဆုံးနှုန်းသို့ ရောက်ရှိတတ်ကြောင်း၊ ပိုးတွေ့နှုန်းမြင့်မားသည့် အခြေအနေ(Plateau Phase) တွင်လည်း ကြာကြာရှိ မနေတတ်ဘဲ ပြန်လည်ကျဆင်းမှု မြန်ဆန်ကြောင်း တွေ့ရှိရပါသည်။ တောင်အာဖရိက နိုင်ငံတွင် နိုဝင်ဘာလနောက်ဆုံးပတ်တွင် အိုမီခရွန်စတင်တွေ့ရှိခဲ့ပြီး ဒီဇင်ဘာလ လယ်လောက်တွင် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်၍ ပိုးတွေ့နှုန်းများ ပြန်လည် ကျဆင်းလာကာ လက်ရှိအခြေအနေတွင် ၈၇ ရာခိုင်နှုန်းအထိ ပိုးတွေ့နှုန်း လျော့နည်း ကျဆင်းနေပြီ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း ပိုးတွေ့နှုန်းများ စတင်ကျဆင်းလာနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့နည်းတူ ဥရောပနိုင်ငံ များတွင်လည်း ပိုးတွေ့နှုန်းများ ပြန်လည်ကျဆင်းနေပြီ ဖြစ်ပါသည်။
ထိုသို့အိုမီခရွန် ပိုးတွေ့နှုန်းလျင်မြန်စွာ မြင့်တက်ပြီး လျင်မြန်စွာပြန်လည်ကျဆင်းတာ တွေ့ရှိ ရသော်လည်း ကြိုတင်မြော်တွေး ထားရမည်မှာ ထိခိုက်လွယ်သည့် အုပ်စုများနှင့် ကာကွယ်ဆေး အပြည့်အဝ ထိုးမထားရသေးသည့် သူများသည် ဆေးရုံတက်ရမှု နှုန်းမြင့်တက်လာတတ်ကြောင်းနှင့် သေဆုံးရမှုလည်း အထိုက်အလျောက် ရှိနိုင်ကြောင်းသိရှိရပါသည်။
အိန္ဒိယနိုင်ငံအခြေအနေ
မြန်မာနိုင်ငံတွင် တတိယလှိုင်းသည် အိန္ဒိယနိုင်ငံနယ်စပ်ဘက်မှ စတင်ကူးစက်ပြန့်ပွားလာခြင်း ဖြစ်ပါသည်။ ယခုအခါတွင်လည်း အဆိုပါနယ်စပ်ရှိ တမူးနှင့်ကလေးမြို့များတွင် ကိုဗစ်ဖြစ်ပွားနှုန်း မြင့်တက်နေပြီး အိုမီခရွန် မျိုးကွဲတွေ့ရှိမှုလည်း စတင်တွေ့ရှိနေရပြီ ဖြစ်ပါသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ပါသည်။ ၎င်းနိုင်ငံကျန်းမာရေး ဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်တွေ့ရှိမှုမှာ ဆက်လက်မြင့်တက်ခြင်း မရှိတော့ဘဲ ပိုးတွေ့နှုန်းမြင့်မားသည့် အခြေအနေတွင် ဆက်လက် တည်ရှိနေသည့် အဆင့်(Plateau Phase) ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်နိုင်ခြေအကဲဖြတ်ချက်
အိန္ဒိယနိုင်ငံသည် ယခုဖြစ်ပွားသည့် ကိုဗစ်လှိုင်းကို တတိယလှိုင်းဟု ခေါ်ပြီး ဒယ်လ်တာမျိုးကွဲကြောင့် ဖြစ်ခဲ့သည့် လှိုင်းမှာ ဒုတိယလှိုင်းဖြစ်ကြောင်းသိရှိရပါသည်။ နယူးဒေလီမြို့ ဆေးရုံများတွင် ပြုလုပ်ခဲ့သည့် သုတေသန အချက်အလက်များအရ ယခုတတိယလှိုင်းတွင် ဆေးရုံတင်ကုသရမှုမှာ ယခင်လှိုင်းများထက် များစွာလျော့နည်းကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်မှာ ဒုတိယလှိုင်းထက် ၅၁ ရာခိုင်နှုန်း လျော့နည်းကြောင်းနှင့် အထူးကြပ်မတ်ကုသ စောင့်ရှောက်မှု လိုအပ်ချက်များလည်း လျော့နည်းကြောင်း သိရှိရပါသည်။ သေဆုံးသူ ၈၂ ဦးကို လေ့လာချက်အရ ၆၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးလုံးဝထိုးမထားသူများ သို့မဟုတ် တစ်ကြိမ်တည်းသာ ထိုးထားသူများဖြစ်ကြောင်း၊ ထို့ပြင် သေဆုံးသူအများစုမှာ အသက် ၇၀ နှစ်အထက် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူများ ဖြစ်ကြောင်းလည်း တွေ့ရပါသည်။ ထို့ပြင် ဆေးရုံတင်ကုသရသည့် အသက် ၁၈ နှစ်အောက် ကလေး ၄၁ ဦးအား လေ့လာချက်အရ ခုနစ်ဦးမှာ ကလေးအထူးကြပ်မတ်ကုသမှုဌာနတွင် ကုသမှုခံယူ နေရကြောင်း၊ နှစ်ဦးမှာ အသက်ရှူကူစက် အသုံးပြုနေရကြောင်းနှင့် သေဆုံးမှုမရှိကြောင်းလည်း တွေ့ရှိရပါသည်။
ဗြိတိန်နိုင်ငံမှ ပြုလုပ်ထားသော စစ်တမ်းတစ်ခုအရ အားဖြည့်ကာကွယ် ဆေးထိုးနှံထားပြီးနောက် နှစ်ပတ်အကြာတွင် ကိုဗစ်ကြောင့် သေဆုံးမှုကို ၉၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်းလည်း သိရှိရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံထားသည့်အပြင် အားဖြည့် ကာကွယ်ဆေးများ အချိန်မီထိုးနှံပေးခြင်းအားဖြင့် အိုမီခရွန်ကြောင့် ဖြစ်ပွားလာမည့် စတုတ္ထလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိမည် ဖြစ်ပါသည်။
အိုမီခရွန်၏ပုံစံကွဲသစ် Subvariant ဖြစ်သည့် BA.2
ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးသည် ကူးစက်မှု ပိုမိုမြန်ဆန်လာပြီး ကာကွယ်ဆေးကြောင့်ဖြစ်စေ၊ ကူးစက်မှုကြောင့် ဖြစ်စေရရှိထားသည့် ခုခံအားများကို ထိုးဖောက်နိုင်စွမ်းများ ရှိလာကာ မျိုးဗီဇကွဲ များလည်း မလွဲမသွေပေါ်ပေါက် လာနေပါသည်။ ယခုနောက်ဆုံးထွက်ရှိသည့် မျိုးကွဲမှာ အိုမီခရွန်၏ ပုံစံကွဲသစ် Subvariant ဖြစ်သည့် BA.2 ဖြစ်ပါသည်။
လက်ရှိကူးစက်နေသော အိုမီခရွန်မျိုးကွဲကို BA.1 ဟုခေါ်ပါသည်။ အသစ်ဖြစ်သည့် မျိုးကွဲမှာအဆိုပါ BA.1 မျိုးကွဲမှဆင်းသက်သည့် အိုမီခရွန်မျိုးကွဲပင်ဖြစ်ပြီး မူလ BA.1 မျိုးကွဲတွင်မပါဝင်သည့် ဗီဇပြောင်းလဲမှုအချို့ ပါရှိပါသည်။ ဇန်နဝါရီလအတွင်းတွင် ဒိန်းမတ်၊ အိန္ဒိယနှင့် ယူကေနိုင်ငံတို့တွင် အဆိုပါ BA.2 မျိုးကွဲများ တွေ့ရများလာကြောင်း၊ အိုမီခရွန် စတင်တွေ့ရှိသည့် တောင်အာဖရိကနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင်လည်း တွေ့ရှိလာကြောင်း သိရှိရပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးတွင် ပြုလုပ်နေသော ကိုဗစ်မျိုးဗီဇ စစ်ဆေးမှုများတွင် ၉၈ ဒသမ ၈ ရာနှုန်းသည် အိုမီခရွန်ပထမမျိုးကွဲ BA.1 ဖြစ်ကြောင်းတွေ့ရှိ ရပါသည်။ သို့ရာတွင် BA.2 မျိုးကွဲများလည်း အချို့တိုင်းပြည်များတွင် တွေ့ရှိရမှုများ ရှိလာကြောင်းလည်း သိရှိရပါသည်။ အိုမီခရွန်မျိုးကွဲ စိတ်များအဖြစ် BA.1 နှင့် BA.2 မျိုးကွဲများအပြင် BA.1.1.529 နှင့် BA.3 တို့ကိုလည်း တွေ့ရှိလာရပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အဆိုပါ BA.2 မျိုးကွဲကို စိုးရိမ်ဖွယ်မျိုးကွဲ အုပ်စု(Variant of Concern)တွင် ထည့်သွင်းခြင်း မပြုသေးပါ။ အဆိုပါ BA.2 မျိုးကွဲဖြစ်ပွားမှုအား BA.1 မျိုးကွဲကဲ့သို့ ခြေရာခံလိုက်ရန် မလွယ်ပါ။ BA.1 မျိုးကွဲသည် ပုံမှန်ကိုဗစ်စစ်ဆေးခြင်း RT-PCR Test စစ်ဆေးမှုပြုလုပ်ချိန်တွင် အဓိကမျိုးဗီဇတစ်ခုပျောက်ဆုံးနေကြောင်း(Target Gene missing) တွေ့ရသည်နှင့် အိုမီခရွန် BA.1 မျိုးကွဲမှန်းချက်ချင်း သိနိုင်သော်လည်း BA.2 မျိုးကွဲမှာမူ ထိုသို့သော ဝိသေသမရှိသောကြောင့် RT-PCR Test စစ်ဆေးခြင်းဖြင့် ချက်ချင်းမသိနိုင်ပါ။ ယခင်မျိုးကွဲများကဲ့သို့ မျိုးဗီဇပြောင်းလဲမှုအား ဆန်းစစ်ခြင်းနည်းပညာ (Genetic Sequencing)ဖြင့် စစ်ဆေးမှသာ သိရှိနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ အိုမီခရွန် မျိုးကွဲစိတ်ကို နာမည်ပြောင်အနေဖြင့် ကိုယ်ပျောက်အိုမီခရွန်(Stealth Omicron)ဟုပင် ဝိဂြိုဟ်ပြုထားကြောင်း သိရှိရပါသည်။
အဆိုပါ မျိုးကွဲစိတ်၏ ကူးစက်မှုနှုန်းမှာ မူလအိုမီခရွန်မျိုးကွဲထက် ပိုမိုမြန်ဆန်နိုင်သည်ဟု ယူဆချက်များ ရှိနေသော်လည်း ကာကွယ်ဆေးအပေါ် သက်ရောက်မှုနှင့် ပတ်သက်၍မူ တိကျသေချာသည့် အချက်အလက် မရသေးပါ။ သို့ရာတွင် ကာကွယ်ဆေးများသည် မျိုးကွဲအားလုံး အပေါ်တွင် အစွမ်းသတ္တိရှိနေကြောင်း သိရှိရပါသည်။ ကာကွယ်ဆေးကြောင့် ထွက်ရှိလာသည့် ခုခံစွမ်းအား Neutralizing Antibodies သည် ကာလတစ်ခုတွင် လျော့နည်းသွား တတ်ကြောင်း၊ အထူးသဖြင့် ခြောက်လကြာလျှင် ကျဆင်းသွားတတ်ကြောင်း ဖော်ထုတ်ချက်များအရ သိရှိ ရသော်လည်း ကာကွယ်ဆေးများ၏ အာနိသင်ကြောင့် ဗိုင်းရပ်ပိုးအား မှတ်သားနိုင်စွမ်းရှိစေသည့် မှတ်ဉာဏ်ဆဲလ်များ (Memory T Cells) ရှိနေပြီဖြစ်သဖြင့် ကိုဗစ်မျိုးကွဲများ ကူးစက်ခံရလျှင်တောင်မှ ရောဂါပြင်းထန်မှုများကို ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိရပါသည်။
အရေးကြီးဆုံး အချက်ဖြစ်သည့် မူလအိုမီခရွန် BA.1 ကူးစက်ခံပြီးသူများတွင် မျိုးကွဲစိတ် BA.2 ထပ်မံ
ကူးစက်နိုင်သလား ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ ဒိန်းမတ်နိုင်ငံ အချို့နေရာများတွင် တွေ့ရှိချက်အရ BA.1 ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် နေရာများတွင် BA.2 ကေ့စ်များ မြင့်တက်လာကြောင်းလည်း သိရှိရပါသည်။ အကယ်၍ မူလအိုမီခရွန် BA.1 ကူးစက်ခံရမှုသည် မျိုးကွဲစိတ် BA.2 ကူးစက်မှုကို မကာကွယ်နိုင်ပါက ဘို့နှစ်ခုရှိသော ကုလားအုတ် ကဲ့သို့ ကူးစက်မှုလှိုင်းများ ဖြစ်ပွားလာနိုင်ကြောင်းလည်း သုံးသပ်ချက်များရှိနေပါသည်။ သတင်းကောင်း အနေဖြင့် ကာကွယ်ဆေးများနှင့် အားဖြည့်ကာကွယ်ဆေးများ ထိုးနှံထားခြင်းသည် လူအများအား ဆေးရုံတင်ကုသရမှုနှင့် သေဆုံးမှုများကို ထိန်းချုပ်နိုင်ကြောင်း သိရှိရပါသည်။
နိဂုံး
အိုမီခရွန်ကူးစက်မှု အမြောက်အမြားဖြစ်ပွားခဲ့သည့် အမေရိကန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများ၏ အတွေ့အကြုံများအရ လူထုအတွင်း ကူးစက်မှုဖြစ်ပွားပြီးနောက် ပျမ်းမျှသီတင်းပတ် နှစ်ပတ်ကျော်မှ စတင်များလာနိုင်ပြီး ခြောက်ပတ်နှင့် ရှစ်ပတ်အတွင်းတွင် အမြင့်ဆုံးအဆင့်ကို ရောက်ရှိပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ကိုဗစ်လူနာများ ရုတ်တရက်မြင့်တက်လာမှု အခြေအနေကို ခံနိုင်ရည်ရှိရန်အတွက် ကာကွယ်ဆေးများရနိုင် သလောက်များများ ထိုးနှံထားခြင်း၊ အောက်ဆီဂျင် လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရှိခြင်းနှင့်
ကျန်းမာရေးဝန်ထမ်းများ ရုတ်တရက်ကူးစက်ခံရပြီး လျော့ကျမသွားနိုင်အောင် ကြိုတင်ပြင်ဆင် ထားရှိခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံထားသူများနှင့် ယခင်ကိုဗစ်ဖြစ်ပွား ဖူးသူများတွင် ပြင်းပြင်းထန်ထန်ဖြစ်တာနည်းပါးပြီး အချိန်တိုအတွင်း သက်သာသွားသည်ကိုလည်း တွေ့ရှိထားခြင်းကြောင့် ကာကွယ်ဆေးများ အမြန်ထိုးနှံထားရန်မှာ အရေးကြီးပါသည်။ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းသည် ကူးစက်မှုကို လျှော့ချနိုင်တာကြောင့် အိမ်အပြင်ထွက်သည်နှင့် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ထားသင့်သည့်အပြင် လူထူထပ်သော နေရာများ၊ လူစုဝေးသည့်အလုံပိတ် အခန်းများတွင်ပါ မဖြစ်မနေ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်နိုင်ရေး အလေးထားဆောင်ရွက်သင့် ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုဇေ