တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် နေထိုင်သော မိမိတို့နိုင်ငံအတွက် အရေးအကြီးဆုံး အရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်သည်။ ထိုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စတင်အကောင်အထည်ဖော်ခဲ့သောနေ့သည် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဖြစ်သည်။ ထို့နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်၍ တိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီး များသည် လွတ်လပ်ရေးကိုအတူ တကွရယူကြမည် ဟူသော သဘောတူညီမှု စတင်ရရှိခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးနေသော ကိုလိုနီခေတ်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ရယူခဲ့သည့်ကိစ္စမှာ လွယ်ကူသော အရာမဟုတ်ပေ။ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတိုင်းရင်းသားတို့ကို အချင်းချင်းရန်တိုက်ပေးကာ စိတ်ဝမ်းကွဲနေအောင် ဖန်တီးခဲ့သည်။ မြန်မာနိုင်ငံကို ကျွန်သက်ရှည်ကြာ အုပ်ချုပ်နိုင်ရေးအတွက် သွေးခွဲနေခြင်းကို မြန်မာတိုင်းရင်းသား အပေါင်းက ပင်လုံစာချုပ်ဖြင့် နိဂုံးချုပ်ပေးခဲ့သည်။
ပင်လုံစာချုပ်ချုပ်ဆိုသော ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ကာ ပြည်ထောင်စု အခမ်းအနားများကို ကျင်းပခဲ့သည်မှာ ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုအချိန်ကာလသို့ ရောက်ရှိပြီဖြစ်ပါသည်။ တစ်သက်တွင် တစ်ကြိမ်သာကြုံနိုင်ခဲသော စိန်ရတုပြည်ထောင်စုနေ့ အခါသမယသည် မြန်မာနိုင်ငံအတွက် ကောင်းသော အကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။ လွန်ခဲ့သော ၇၅ နှစ်က စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို တောင်းဆိုခဲ့သလို ယနေ့အချိန်အခါတွင် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး တို့ကို ဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ အတွေးအခေါ် ညီညွတ်မှု၊ လုပ်နည်းလုပ်ဟန် ညီညွတ်မှုတို့ဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်မှာ တိုင်းရင်းသားအားလုံး၏တာဝန် ဖြစ်သည်။
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း စုစည်းညီညွတ်သောအင်အားကို တည်ဆောက်ကြရပေမည်။ အင်အားတည်ဆောက်သည် ဆိုရာ၌ သူတစ်ပါးအပေါ် မှီခိုအားထားနေရခြင်းသည် ရေရာခိုင်မာမှု မရှိနိုင်ပေ။ နိုင်ငံတကာဆက်ဆံရေး သမိုင်းဖြစ်စဉ်များအရ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍ မရှိဘဲ အခြေအနေပေါ်မူတည်၍ ကိုယ်ကျိုးစီးပွားနှင့် ယှဉ်ကာစဉ်းစား လုပ်ဆောင်နေသည်ကို သတိပြုရမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာ့ပြည်တွင်း ရေးကို ပျက်စီးစေရန် ဝင်ရောက်စွက်ဖက်နေသော နိုင်ငံအချို့၏ ရန်စွယ်အန္တရာယ်ကို မြင်အောင်ကြည့်ကြဖို့ လိုသည်။ မြန်မာတိုင်းရင်းသားတို့ ထာဝစဉ်ယုံမှတ် အားထားနိုင်သည်မှာ မိမိတို့၏ ပြည်တွင်းအားသာ ဖြစ်သည်။ နိုင်ငံ၏ အစစ်အမှန်အင်အားသည် ပြည်တွင်း၌သာရှိပြီး ထိုအင်အားသည် စိတ်အချရဆုံးနှင့် အားထားရဆုံး ဖြစ်သည်။
စည်းလုံးခြင်းသည်အင်အား၊ စည်းလုံးညီညာအောင်ကြောင်းဖြာဟူသောစကားနှင့်အညီ စိန်ရတု ပြည်ထောင်စုနေ့ အခါသမယမှစ၍ တိုင်းရင်းသားအားလုံး မကျေလည်သည်များရှိပါက အချင်းချင်းညှိနှိုင်း ဖြေရှင်းခြင်းဖြင့် နိုင်ငံ့အားကို စုစည်းကြရမည်ဖြစ်သည်။ ပြည်ပအားကိုးပုဆိန်ရိုး သစ္စာဖောက်များနှင့် အဆိုးမြင် ဝါဒီရှိသူများကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနှင့် တိုးတက်မှုများကို နှောင့်ယှက်ဖျက်ဆီးသူများကိုလည်းကောင်း၊ နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ကြသော ပြည်ပအင်အားစုများကို လည်းကောင်း၊ ပြည်တွင်းပြည်ပ အဖျက်သမားမှန်သမျှကို လည်းကောင်း ပြည်သူတစ်ရပ်လုံးက တစ်မျိုးသားလုံး၏ ဘုံရန်သူ အဖြစ်ပြတ်ပြတ်သားသား ချေမှုန်းသွားကြရမည် ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် နိုင်ငံရေးဆူပူ လှုပ်ရှားမှုနှင့် အချင်းချင်း တိုက်ခိုက်ကြရင်း ကြီးပွားတိုးတက်လာသောနိုင်ငံဟူ၍ တစ်နိုင်ငံမှ မရှိခဲ့သေးချေ။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိသော နိုင်ငံတို့တွင်သာ ပြည်သူတို့၏ ကြီးပွားချမ်းသာမှုနှင့် နိုင်ငံတော်တိုးတက်မှုကို တည်ဆောက် ရယူနိုင်ကြသည်ချည်းသာ ဖြစ်သည်။ သူများနိုင်ငံတွေ တိုးတက်နေသလို မိမိတို့ကရော မိမိတို့နိုင်ငံတိုးတက်ရေးကို မလုပ်ဆောင်နိုင်ဘူးလားဟူသော မာနစိတ်အသိဖြင့် လုပ်ဆောင်မည် ဆိုလျှင် အောင်မြင်ရမည်သာ ဖြစ်သည်။
ယနေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် အမျိုးသားရေး ဦးတည်ချက်များမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေး။ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထာဝစဉ်ရှင်သန်ထက်မြက်ရေး။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအင်အားဖြင့် နိုင်ငံတော်ကြီးထာဝရတည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းတည်ဆောက်ရေး။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး။ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး ဟူ၍ ဖြစ်ပါသည်။ အနှစ်ချုပ်ဆို
ရသော် ထိုအမျိုးသားရေး ဦးတည်ချက်များ အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။ ။