ကိုယ်မွှေးတဲ့စစ်မီး ကိုယ်ပြန်ငြှိမ်းသင့်တဲ့ အမေရိကန်
အမေရိကန်ဆိုတာ ကမ္ဘာမှာ စစ်မီးအမွှေးနိုင်ဆုံးဆုနဲ့ ထိုက်တန်သူလို့ ပြောရမလိုတောင်ဖြစ်နေပါပြီ။ ဒီမိုကရေစီနိုင်ငံလို့ ဆိုထားတဲ့ အမေရိကန်ဟာ သမ္မတဘယ်နှဆက်ပြောင်းပြောင်း ဘယ်တော့မှ မပြောင်းလဲတာက သူ့တို့ရဲ့ပင်ကိုစရိုက်ပါ။
အထူးသဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်နဲ့ ခွင့်တူညီမျှမှုတို့ကိုအခြေခံတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကို သူတို့ကိုယ်တိုင် တွင်တွင်အော်နေပေမယ့် သူတို့ကိုယ်တိုင်က တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး၊ ဒေသတွင်းအရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း အားဖြင့် အဲဒီအနှစ်သာရကို အဓိပ္ပာယ်မဲ့အောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
တကယ်တော့ အမေရိကန်ဆိုတာ သူတို့ရဲ့လိုဘတစ်ခုတည်းအတွက် တခြားဘယ်နိုင်ငံက ဘာတွေပဲဖြစ်ပါစေ၊ ဘယ်နိုင်ငံသားတွေ ဘယ်လိုပဲဆင်းရဲဒုက္ခ ရောက်ပါစေ မျက်စိစုံမှိတ်နားကိုပိတ်လို့ လုပ်ချင်ရာသာ စွတ်လုပ်တတ်ကြသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။
ဥပမာတစ်ခုနှိုင်းပြရရင် အီရတ်နိုင်ငံက ဓာတုလက်နက်၊ ဇီဝလက်နက်တွေ အပအဝင် အဖျက်စွမ်းအားပြင်း လက်နက်ကိုထုတ်လုပ် အသုံးပြုနေပြီး နောက်ဆုံးမှာ နျူကလီးယားဗုံးတွေကို ဖန်တီးနေဖွယ်ရှိ တယ်ဆိုတဲ့ မခိုင်မာတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်တို့က ၂ဝဝ၃ ခုနှစ်မှာ အီရတ်ကို ကျူးကျော်စစ် ဆင်နွှဲပါတယ်။
နောက်ဆုံးမှာတော့ အမေရိကန်တို့စွပ်စွဲသလို အီရတ်နိုင်ငံမှာ ဘယ်လိုအဖျက်စွမ်းအား ပြင်းလက်နက်မျှမရှိဘူး ဆိုတာကို အမေရိကန် စစ်သည်တွေနဲ့အတူ စစ်ဆင်ရေးတစ်လျှောက် လိုက်ပါသွားတဲ့ USA Today သတင်းဌာနမှ အဲဒီအချိန်တုန်းကသတင်းထောက်ဖြစ်တဲ့ ဂရက်ဇော်ရိုယာက ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာအတိအလင်း ဝန်ခံထားပါတယ်။
အမေရိကန်တို့ဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းလို့ သူတို့ကိုယ်သူတို့ သုံးနှုန်းသော်ငြား နောက်ဆုံးအသုံးပြုသွားတဲ့ နည်းလမ်းကတော့ တောတွင်း ဥပဒေသဖြစ်တဲ့ အင်အားနည်းသူကို အင်အားကြီးသူက ဖျက်ဆီးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
သူတို့ရဲ့နည်းလမ်းကြောင့် တစ်ချိန်တုန်းက သာယာလှပခဲ့တဲ့ အီရတ်နိုင်ငံဟာ အခုအချိန်မှာတော့ စစ်တလင်းအဖြစ်ကို ရောက်ရှိပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် ပြာပုံထဲကနေ ပြန်လည် ရုန်းမထနိုင်တော့ပါဘူး။
အီရတ်နိုင်ငံဥပမာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နောက်ထပ်ဥပမာ တစ်ခုကတော့ မြောက်ကိုရီးယားနိုင်ငံပါပဲ။ မြောက်ကိုရီးယား နိုင်ငံဟာ သူတို့မှာ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားကြောင်း အတိအလင်း ထုတ်ပြန်ထားတဲ့အပြင် နျူကလီးယား စမ်းသပ်မှုတွေကိုလည်း အကြိမ်ကြိမ် လုပ်ဆောင်ပြထားပါတယ်။
သို့ပေသော်လည်း သူ့ကိုသွားစရင် တကယ်ပြန်လုပ်နိုင်စွမ်းရှိတဲ့ မြောက်ကိုရီးယားကို ကျတော့ အမေရိကန်တို့က အနားတောင်မသီဘဲ အဝေးကနေသာ အသံကောင်းဟစ်ရင်းနဲ့ အချိန်ကုန်လာတာ အားလုံးမျက်မြင်ပဲ မဟုတ်ပါလား။
ဒီနေရာမှာ အမေရိကန်တို့ရဲ့ ရပ်တည်ချက်က ဘယ်လိုကွာသွားလဲဆိုရင် အထက်မှာ ပြောခဲ့သလိုမျိုးပဲ သူ့ကိုပြန်မတိုက်နိုင်မယ့် သူကိုကျတော့ စိစိညက်ညက်ဖြစ်အောင် အမှုန့်ချေသလိုချေပြီး သူ့ကို တကယ်ပြန်တိုက်နိုင်တဲ့ မြောက်ကိုရီးယားကို ကျတော့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ လမ်းကြောင်းပေါ် ဆွဲတင်နေခြင်းပါပဲ။
ဒါကြောင့် ပြောရမယ်ဆိုရင် အမေရိကန်သည် သူနိုင်မယ်ထင်တဲ့ ပွဲကိုသာကစားပြီး သူရှုံးနိုင်တဲ့ပွဲကိုတော့ ဘေးကနေသာရပ်ကြည့်ပြီး ခြေထိုးခံလေ့ ရှိတယ်လို့ပြောရပါလိမ့်မယ်။
နောက်တစ်ချက်က အမေရိကန်သည် စစ်မီးမွှေးတဲ့နေရာမှာ အင်မတန်မှ တော်တယ်လို့ ဆိုနိုင်ပေမယ့်လည်း သူစစ်မီးမွှေးတဲ့နေရာက သူ့နိုင်ငံအနီး ဝန်းကျင်မှာမဟုတ်ပါဘူး။ သူ့နိုင်ငံကနေ မိုင်ထောင်ပေါင်းများစွာ ဝေးကွာတဲ့နေရာတွေမှာသာ သူ့ရဲ့အကျိုးစီးပွားအတွက် စစ်မီးမွှေးတာ ဖြစ်ပါတယ်။
ဒီလိုစစ်မီးမွှေးပြီးတိုင်းလည်း အဲဒီစစ်မီးကို ဘယ်တော့မှပြန်မငြှိမ်းနိုင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး နောက်ဆုံး ဥပမာအနေနဲ့ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေကို ရုတ်ခြည်း ဆုတ်ခွာခိုင်းလိုက်တာကိုပဲ ကြည့်ပါ။ အမေရိကန်တို့ဟာ အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း ၂ဝ ကြာအောင် စိုးမိုးနယ်ချဲ့ခဲ့ပြီး သူတို့အလိုကျကမယ့် အစိုးရကို တင်မြှောက်ထားပါတယ်။
ဒီအတွက် အမေရိကန်အစိုးရက အောင်နိုင်သူအလား အသံကောင်းဟစ်ပေမယ့် တကယ်တမ်းမြေပြင်မှာ စတေးခံလိုက်ရတာကတော့ အာဖဂန်နစ္စတန်ပြည်သူများနဲ့ အမိန့်တစ်ခုအောက်မှာ စစ်သားပီပီ အသက်စွန့်သွားရတဲ့ စစ်သည်တွေပါပဲ။
နောက်ဆုံးတော့လည်း အမေရိကန်အစိုးရဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ လောက်က တာလီဘန်တို့ကိုဖြုတ်ချကာ ငွေကြေးထရီလီယံပေါင်းများစွာ အကုန်ခံပြီးတော့ နှစ် ၂ဝ ကြာတဲ့အခါ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့လက်ထဲသာ ပြန်ထိုးအပ်လိုက်ရတာပါပဲ။
ဒါကြောင့် အမေရိကန်သည် သူ့နိုင်ငံနဲ့မိုင်ထောင်ပေါင်း များစွာဝေးတဲ့နေရာမှာ သူ့နိုင်ငံရဲ့အမျိုးသား လုံခြုံရေးကိုခြိမ်းခြောက်တယ် ဆိုပြီး လက်ဦးမှု ယူစစ်မီးမွှေးပေမယ့် အဲဒီစစ်မီးကိုတော့ ဘယ်သောအခါမှ ပြန်မငြှိမ်းနိုင်ခဲ့ဘူးလို့ ပြောရခြင်းဖြစ်ပါတယ်။
အခုလည်း အရှေ့ဥရောပဒေသမှာ စစ်မီးမွှေးနေပြန်ပါပြီ။ ဒီတစ်ခေါက်ကတော့သူ့အနေနဲ့ မနိုင်နိုင်တဲ့ရုရှားကို မိုက်ရူးရဲဆန်စွာ စိန်ခေါ်လေသလားလို့တောင် ထင်မိပါတယ်။
ဒီနေရာမှာ အမေရိကန်နဲ့ ဥရောပ မဟာမိတ်နိုင်ငံကြီးတွေက တစ်ဖက်၊ ရုရှားနဲ့နိုင်ငံငယ်တချို့က တစ်ဖက်နဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကိုကြည့်ရင် အမေရိကန်ဟာ ဥရောပမဟာမိတ်တွေကို အသုံးချကာ ယူကရိန်းကိုစတေးပြီး ရုရှားအပေါ်လွှမ်းမိုးဖို့ ကြိုးစားလာတာကိုမြင်ရပါတယ်။
ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အရှေ့ဥရောပဒေသမှာ စစ်ဖြစ်ရင် အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းနဲ့ နိုင်ငံအတွက် အသက်စွန့်မယ်လို့ ကတိပြုထားတဲ့ စစ်သည်တချို့အတွက် ငွေကြေးကုန်ကျမှု ကလွဲလို့ တခြားဆုံးရှုံးစရာ ကြီးကြီးမားမား မရှိပါဘူး။
ဒါပေမဲ့ တကယ်တမ်းပျက်စီးသွားမှာက ယူကရိန်းနိုင်ငံနဲ့ ယူကရိန်း နိုင်ငံသားတွေပါ။
အဲဒါရဲ့အကျိုးဆက်အနေနဲ့ စွမ်းအင်ပြတ်လပ်မှုကို ရင်ဆိုင်ရမှာက ဥရောပနိုင်ငံတွေပါ။
ဥရောပနိုင်ငံတွေဆိုတာ စွမ်းအင်အတွက် သဘာဝဓာတ်ငွေ့ကိုသာ မှီခိုနေပြီး လိုအပ်တဲ့သဘာဝဓာတ်ငွေ့ကိုလည်း ရုရှားနိုင်ငံကနေ အဓိက ဝယ်ယူနေရတာဖြစ်ပါတယ်။
တကယ်တမ်းစစ်ဖြစ်လို့ ရုရှားက ဥရောပဆီ သဘာဝဓာတ်ငွေ့တင်ပို့မှုကို ပိတ်ချလိုက်ရင် ရုရှားလိုမျိုး ဥရောပကို သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးနိုင်တဲ့သူ ဘယ်သူမှပေါ်မလာပါဘူး။
ဒီလိုအခြေအနေတွေကြောင့် အမေရိကန်ဟာ သူတို့အနေနဲ့ ဂုဏ်သိက္ခာဆုံးရှုံး နိုင်ခြေကိုမြင်တော့ ဘယ်တုန်းကမှ အကောင်းမပြောခဲ့တဲ့ တရုတ်နိုင်ငံဆီသွားပြီး ရုရှားကို ဖျောင်းဖျပေးဖို့အထိ တောင်းဆိုခဲ့တာဟာ တကယ်စဉ်းစားကြည့်ရင် ရှက်စရာကောင်းလှပါတယ်။
တရုတ်နိုင်ငံဆီသွားပြီး တောင်းဆိုရာမှာလည်း ရုရှားနိုင်ငံအနေနဲ့ ယူကရိန်း အရေးကို သံတမန်နည်းအရ ဖြေရှင်းဖို့တိုက်တွန်းရေးအတွက် ရုရှားနဲ့တရုတ်တို့ကြား ခင်မင်မှုကို အသုံးပြုဖို့ပြောဆိုခဲ့ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် အမေရိကန်တို့က လူအများအမြင်မှာ သူတို့သည်သာ ဒီပြဿနာကိုဖြေရှင်းရေးအတွက် ကြိုးစားပမ်းစား လုပ်နေတယ်။
တစ်ချိန်တည်းမှာ သူကသာလူကောင်း ဖြစ်ပြီး ရုရှားနဲ့တရုတ်နိုင်ငံတို့က လူဆိုးတွေဖြစ်တယ်လို့ လူအများထင်အောင် လုပ်နေခြင်းလည်းဖြစ်ပါတယ်။
တစ်နည်းဆိုရမယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းအရေးမှာ စစ်မီးကိုသူ ကိုယ်တိုင်မွှေးပြီး သူသာလျှင် အနိုင်ကျင့်ခံရတဲ့သူ ပုံစံပေါက်အောင် လုပ်ဆောင်နေတာပါ။
ယူကရိန်းအရေးမှာ အမေရိကန်ကို ဘာကြောင့်စစ်မီးမွှေးသူ အဖြစ်ပြောရတာလဲ ဆိုရင် NATO တပ်ဖွဲ့အနေနဲ့ ဥရောပ အရှေ့ပိုင်းကို နယ်မြေဆန့်ထုတ်ရာမှာ အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင်နေသူအဖြစ် ပါဝင်တာကြောင့်ပါပဲ။
အမေရိကန်ဟာ ဒေသတွင်းပဋိပက္ခ တော်တော်များများကို စတင်ခဲ့သူဖြစ်တယ် ဆိုတာကိုတော့ ပြောစရာမလို၊ ရှင်းပြနေစရာ မလိုလောက်အောင်ကို အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။
အနီးစပ်ဆုံးပြောရရင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး၊ အီရန်နျူကလီးယားအရေး၊ အာဖဂန်နစ္စတန် အရေးတို့ဟာ အမေရိကန်ရဲ့ မီးမွှေးမှုကြောင့်သာ တောက်လောင်ခဲ့ရတာပါ။
ဒါနဲ့ပတ်သက်ပြီး အမေရိကန်တို့ လုပ်လေ့လုပ်ထရှိတဲ့ မကောင်းတဲ့အကျင့် တစ်ခုက ပြဿနာကိုမီးထွန်းရှာပြီးရင် အဲဒီ ပြဿနာကို သူတို့ကိုယ်တိုင် မဖြေရှင်းနိုင်တော့တဲ့အခါ သူတို့ရဲ့အရှုပ်ထုပ်ထဲကို တခြားနိုင်ငံတွေ ဆွဲသွင်းလေ့ရှိတဲ့ အကျင့်ပါပဲ။
အခု ယူကရိန်းအရေးမှာလည်း တရုတ်အနေနဲ့ ရုရှားကိုနားချဖို့ အမေရိကန်က လာပြောခြင်းဟာ သူမွှေးတဲ့မီးထဲမှာ တရုတ်ကို ဝင်ပြီးအလောင်ခံခိုင်းတာနဲ့ တူနေပါတယ်။
တစ်ဖက်ကကြည့်ရင် အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ကို ဦးချိုးဖို့ကြိုးစားနေပေမယ့် တစ်ဖက်မှာကျတော့ သူမရှင်းနိုင်တော့တဲ့ ပြဿနာအတွက် တရုတ်ကို အကူအညီတောင်းနေပြန်ပါတယ်။
နောက်ကွယ်က သူတို့ရဲ့စိတ်ရင်းကို လှမ်းကြည့်မယ်ဆိုရင် ရုရှားနဲ့တရုတ်တို့ကို ရန်တိုက်ပေးလိုတဲ့ ဆန္ဒရှိနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ မြင်တွေ့နိုင်ပါလိမ့်မယ်။
ဒါကြောင့် အမေရိကန်အနေနဲ့ ယူကရိန်းအရေးကို သူတကယ်ပြေငြိမ်း လိုတယ်ဆိုရင် ထိပ်တိုက်တွေ့ဆုံရေးထက် သူတို့ကိုယ်တိုင် တတွင်တွင်ပြောထားတဲ့ စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ကိုရွေးချယ်နိုင်ပါတယ်။
ဒါပေမဲ့လည်း ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေကိုသာ ရွေးချယ်ပြီး ကိုယ်မွှေးတဲ့စစ်မီးကို ကိုယ်တိုင်ပြန်ငြှိမ်း သတ်ဖို့ အခက်တွေ့အောင်သာ လုပ်ဆောင်နေပါတယ်။ ဒီအတွက် အမေရိကန်တို့အနေနဲ့ တကယ်တမ်းသာ ငြိမ်းချမ်းမှုရချင်တယ်
ဆိုရင် ကိုယ်မွှေးတဲ့စစ်မီးကို ကိုယ်တိုင်သာ ပြန်ငြှိမ်းသတ်သင့်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Global Times သတင်းဌာန၏ US itself should put out the fire it set in Ukraine ခေါင်းစဉ်ဖြင့်ဖော်ပြထားသော အယ်ဒီတာ့အာဘော်ကို မှီငြမ်းရေးသားထားခြင်း ဖြစ်ပါသည်။