စိန်ရတုပြည်ထောင်စုနေ့မှသည် ရာပြည့်နှစ်ပေါင်းများစွာသို့ . . .
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ခိုင်မာသော ယဉ်ကျေးမှုသမိုင်းကြောင်းနှင့် မပြောင်းလဲသော နယ်မြေပိုင်နက် တည်ရှိသောနိုင်ငံဖြစ်သည်။ ထိုနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသောလူမျိုးကြီး ၈ မျိုးနှင့်လူမျိုးစုငယ်ပေါင်း တစ်ရာကျော်စုစည်း နေထိုင်သောနိုင်ငံလည်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ အမည်များကိုအက္ခရာစဉ်အရ ရေးသားခြင်းဖြစ်သော်လည်း ထိုတိုင်းရင်းသား လူမျိုးများ၏ တည်ရှိမှုမှာ တန်းတူရည်တူတည်ရှိခြင်း ဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများနှင့်အညီ နေထိုင်လျက်ရှိသည်မှာ နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေသည်။ ထို့ကြောင့်မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူ၍ နိုင်ငံတော်၏ အခြေခံမူများတွင် ဖော်ပြထားပါသည်။
နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာသည် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားတို့၏ အသက်ခန္ဓာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် နယ်နိမိတ် သတ်မှတ်ထားသော ပိုင်နက်နယ်မြေနှင့် ထိုနိုင်ငံပေါ်တွင် မှီတင်းနေထိုင်ကြသောနိုင်ငံသူ နိုင်ငံသားများဟူ၍ရှိကြသည်။ ပိုင်နက်နယ်မြေသည် ပထဝီမြေပြင်ပိုင်နက် ကန့်သတ်ထားသော နယ်နိမိတ်အတွင်း၌ မလှုပ်မယှက် တည်ရှိနေမည်ဖြစ်သော်လည်း ထိုပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတို့ကမူ မွေးဖွားခြင်း၊ အချိန်တန်သေဆုံးခြင်းဖြင့် သက်တမ်းအုပ်စုအလိုက် အမြဲရွေ့လျားစီးဆင်း ဖြစ်ပေါ်တိုးတက်နေကြသည်။တစ်နည်းအားဖြင့် သက်တမ်း အုပ်စုအလိုက် မျိုးဆက်သစ်များအဖြစ် ဆက်ကာဆက်ကာ ဖြစ်ထွန်းနေကြသည်၊ ချီတက်နေကြသည်၊ တိုးပွား နေကြသည်။ သက်တမ်းအလိုက် တိုးပွားလာနေသော မျိုးဆက်သစ်တို့၏ အဓိကတာဝန်သည် မိမိတို့နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်ထိန်းသိမ်း စောင့်ရှောက်ရေးပင်ဖြစ်ပေသည်။
ထို့ကြောင့်ရှေးလူကြီးများ လက်ဆင့်ကမ်းခဲ့သော ပြည်ထောင်စုအမွေကို ထိန်းသိမ်းရန်မှာ မျိုးဆက်သစ် လူငယ်မောင်မယ်တို့၏ တာဝန်ဖြစ်သည်။ ရှင်းလင်းအောင်ပြဆိုရသော် နိုင်ငံသားတိုင်း၏ ပင်မတာဝန် သည် မည်သည့်အစိုးရ လက်ထက်၊ မည်သည့်အယူ၊ မည်သည့်ဝါဒကို ကျင့်သုံးသည်ဖြစ်စေ၊ ပိုင်နက်နယ်မြေ ကိုဆုံးပါးယုတ်လျော့မှု မရှိစေရေး ကာကွယ်စောင့်ရှောက်ရန်ပင်ဖြစ်သည်။ နိုင်ငံသားတိုင်း၏ ပင်မတာဝန်ကို ပြန်ဆန်းစစ်ရသော် ပထမအချက်အနေဖြင့် မိမိတို့ပိုင်နက်နယ်မြေကို မိမိတို့လက်ထက်တွင် တစ်လက်မမျှ မဆုံးရှုံးရေး၊ မဆုံးရှုံးအောင် ကာကွယ်စောင့်ရှောက်ရေးဖြစ်သည်။ ဒုတိယအချက်မှာ မိမိတို့ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များ၊ တောတောင်ရေမြေ၊ မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ် ပစ္စည်းများ မဆုံးရှုံးရေးဖြစ်သည်။ တတိယအချက်မှာ မိမိတို့ ပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှု အမွေအနှစ်များ နှစ်ပေါင်းများစွာ လူ့သက်တမ်းအလိုက် အဆင့်ဆင့်ဖွံ့ဖြိုး တိုးတက်လာခဲ့သော အမျိုးသားယဉ်ကျေးမှု အဆောက်အအုံများ ဆက်လက်တည်တံ့နေရေးတို့ ဖြစ်ကြသည်။ အမျိုးသား ယဉ်ကျေးမှုဟူသော စကားရပ်တွင် တိုင်းရင်းသားအားလုံး ပါဝင်ပါကြောင်း ထပ်လောင်းညွှန်းဆို လိုပေသည်။
အထက်ပါအချက်သုံးချက် အောင်မြင်ရန် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးတွင် အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဖြစ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးမှာမြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော အဓိကသော့ချက်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိလျှင် ပြည်ထောင်စုကြီး ပြိုကွဲမည်။
ပြည်ထောင်စုပြိုကွဲလျှင် အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးပေမည်။ ထိုအချက်သုံးချက်ကို ဒို့တာဝန်အရေးသုံးပါးဟု သတ်မှတ်ထားသည်။ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေးဟူ၍ သတ်မှတ်ထားပါသည်။
မြန်မာနိုင်ငံတွင်လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ဟူ၍ နေ့ကြီး ၃ နေ့ဖြစ်ပေါ်လာရခြင်းမှာ တစ်ခုနှင့်တစ်ခုနှင့် ဆက်စပ်လျက်ရှိပါသည်။ တပ်မတော် တစ်ရပ်ပေါ်ပေါက်လာ၍ လွတ်လပ်ရေးလမ်း အူကြောင်း ပေါ်ပေါက်အောင် လမ်းဖောက်လုပ်နိုင်ခဲ့သည်။ ထိုလမ်းကြောင်းကို ပိုမိုချောမွေ့သာယာအောင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုဟူသော ပင်လုံစာချုပ်ဖြင့် အချောသပ်နိုင်ခဲ့သည်။ ဤမျှကောင်းမွန်သော လမ်းကြောင်းပေါ်တွင် တိုင်းရင်းသားအားလုံး ညီညွတ်စွာ လက်တွဲလိုက်ကြသောအခါ လွတ်လပ်ရေးဟူသော ပန်းတိုင်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိကြသည်။ ထို့ကြောင့် ထိုနေ့ကြီး ၃ နေ့သည် မြန်မာ့သမိုင်းတွင် ထင်ရှားနေခြင်းဖြစ်သည်။
ယခုအခါ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် စိန်ရတုပြည်ထောင်စုနေ့ အခါသမယဖြစ်သည်။
၇၅ နှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်သော ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခြင်း၏ မွန်မြတ်သောမော်ကွန်းကို ဂုဏ်ပြုကြ၊ ဂုဏ်ယူကြရမည့်နေ့ဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့ ဥမကွဲသိုက်မပျက်၊ အေးအတူပူအမျှ ယနေ့တိုင်နေထိုင်လျက် ရှိကြသည်မှာ ထိုစာချုပ်ကြောင့်ဟု ဆိုနိုင်သည်။
ယနေ့လူငယ်တို့ နားလည်လွယ်အောင် ရေးသားရလျှင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးချင်လှသည်မဟုတ်၊ မဖြစ်မနေ ပေးရတော့မည့် အနေအထားတွင် ဒုတိယအဆင့်အဖြစ် ဗမာအများစု နေထိုင်သောမြေပြန့်ဒေသကိုသာ လွတ်လပ်ရေးပေးမည်။ တောင်တန်းဒေသများကို သူတို့က ဆက်လက် အုပ်ချုပ်ချင်သေးသည်။ အကယ်၍သာ အဆိုပါအင်္ဂလိပ်တို့ အလိုအတိုင်း လိုက်ပါဆောင်ရွက်ခဲ့သော် မြန်မာနိုင်ငံသည်ယနေ့မျိုးဆက်သစ်တို့ လက်ထက်တွင် နှစ်ခြမ်းကွဲနေပေလိမ့်မည်။
ထိုသို့မဖြစ်စေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့်ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်(၂၂)ဦးတို့ကို ကျေးဇူး အထူးတင်ရပေသည်။ တစ်စိတ်တစ်ဝမ်းတည်း လွတ်လပ်ရေးကို အတူတကွရယူကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ရယူနိုင်ခဲ့ခြင်းကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟူသော အမည်ကို ပိုင်ဆိုင်နေခြင်းဖြစ်သည်။ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးမမေ့သောအားဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖြစ်စဉ်များကို ဖော်ပြပါဦးမည်။ အောက်တွင် ဖော်ပြသည့်အကြောင်းအရာမှာ စံအောင်၏ ညီညွတ်ရေး အရေးတော်ပုံစာအုပ်တွင် ရေးသားချက်များဖြစ်ပါသည်။
''မြူဆိုင်းနှင်းဝေ ရှမ်းကုန်းမြေထက်ရှိ ပင်လုံ၏ ဟေမန္တဆောင်းရာသီနံနက်ခင်းမှာ နေထိုး၍မျှ မပေါက်နိုင်သည်အထိ နှင်းခိုးတွေဝေလျက်ရှိ၏။ နံနက်စောစော ထကြသူများသည် ဟိုတစ်စုဒီတစ်စု မီးဖို၍ မီးလှုံနေကြသဖြင့် ပွဲခင်းထဲ၌ မြူခိုးနှင်းခိုးနှင့် မီးခိုးများ ရောယှက်ဖုံးအုပ်လျက်ရှိ၏။ ဆော်သြရေးမှူးများသည် ပင်လုံအစည်းအဝေး ခန်းမဆောင်သို့ နံနက် ၁ဝ နာရီမထိုးမီ အရောက် တက်ရောက်ကြပါရန် လိုက်လံဖိတ်ကြား နှိုးဆော်လျက်ရှိ၏။ ယနေ့ကား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပင်တည်း။ ယမန်နေ့က တောင်တန်းသား ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားများ၊ လူထုကိုယ်စားလှယ်များနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ ညှိနှိုင်းဆွေးနွေး သဘောတူညီထားကြသော ပူးပေါင်းရေး စာချုပ်ကြီးကို လက်မှတ်ရေးထိုးကြတော့မည်။ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းဝင် ထူးခြားလာမည်ဖြစ်သော နေ့ထူးနေ့မြတ်ကြီး၏နံနက်ခင်းပင်တည်း။
ကမ္ဘာတည်သရွေ့ မြန်မာ့သမိုင်းတွင် ဂုဏ်ဝင့်စွာ မော်ကွန်းထိုးလောက်သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဖြင့် ပြည်ထောင်စုကြီးသန္ဓေတည်ရာ ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီတိတိတွင် ကိုယ်စားလှယ်တော်များ လက်မှတ်ရေးထိုးလိုက်ကြ၏။ လက်မှတ်ရေးထိုးကြသည့် ပုဂ္ဂိုလ်များမှာအောက်ပါအတိုင်းဖြစ်သည်-
ရှမ်းကော်မတီစော်ဘွားများ
၁။ ခွန်ပန်းစိန်၂။ စဝ်ရွှေသိုက် ၃။ စဝ်ဟုံဖ ၄။ စဝ်နွံ ၅။ စဝ်စံထွန်း ၆။ စဝ်ထွန်းအေး ၇။ ဦးဖြူရှမ်းကော်မတီ
လူထုကိုယ်စားလှယ်
၁။ ဦးတင်အေး၂။ ဦးခွန်စော ၃။ ဦးခွန်ထီး ၄။ ထွန်းမြင့် ၅။ စဝ်ရစ်ဖ ၆။ ဦးကြာပူ
မြန်မာကိုယ်စားလှယ်
၁။ ဗိုလ်ချုပ်အောင်ဆန်း
ချင်းကိုယ်စားလှယ်
၁။ ဦးလျှံမုန်း ဖလမ်း ၂။ ဦးသောင်ဇာခမ်း တစ်ဒင် (တီးတိန်) ၃။ ဦးကျိုမိုင်း ဟားခါး
ကချင်ကိုယ်စားလှယ်
၁။ ဆမားဒူဝါဆင်ဝါးနောင် မြစ်ကြီးနား
၂။ ဒူဝါဇော်ရစ် မြစ်ကြီးနား ၃။ ဒူဝါဒင်ရတန် မြစ်ကြီးနား ၄။ ဒူးဝါဇော်လ ဗန်းမော် ၅။ ဒူဝါဇော်လွန်း ဗန်းမော် ၆။ ဒူဝါလဘန်ဂရောင်း ဗန်းမော်အထက်ပါ ပုဂ္ဂိုလ်များပါဝင်၍ ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာလက်မှတ် ရေးထိုးလိုက်ကြလေပြီ။ ကျွန်ုပ်တို့တိုင်းရင်းသား အပေါင်းတို့သည် ဗြိတိသျှနယ်ချဲ့စနစ်၏ ခြေဖဝါးအောက်တွင် နှစ်ပေါင်း ၆ဝ ကျော်တိုင် ပြားပြားဝပ် ကျရောက်ခဲ့ရပြီး နယ်ချဲ့သမားတို့၏ သွေးခွဲခြေထိုးမှု အမျိုးမျိုးကြောင့် အချင်းချင်းသွေး ကွဲခဲ့ရ၏။ ဤပင်လုံစာချုပ်ကြီးကား သွေးခွဲ၍အုပ်ချုပ်ခဲ့သော နယ်ချဲ့သမားတို့၏ ဗေဒဥပါယ်ကိုမြေမြှုပ် သင်္ဂြိုဟ်လိုက်သော နယ်ချဲ့တို့အတွက် သေမင်းတမန် စာချုပ်ကြီးပင်ဖြစ်ချေ၏။''
ဤသည်မှာ အဆိုပါစာအုပ်တွင် ရေးသားထားသည့် အမည်များအတိုင်း ဖော်ပြခြင်းဖြစ်သည်။ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုဆိုသည့်စကားမှာ စာရေးသူတို့ လက်ထက်ရောက်မှ ထွင်၍ သုံးထားသောအသုံး အနှုန်းမဟုတ်ပါ။ အမှန်တကယ် သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရသူများ ကိုယ်တိုင်ပြောဆိုရေးသားသောစကား ရပ်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသာမရှိခဲ့ရင် လွတ်လပ်ရေးရပင်ရငြားသော်လည်း တစ်ခြမ်းပဲ့ လွတ်လပ်ရေးသာဖြစ်နေပေလိမ့်မည်။ ပြည်ထောင်စုနေ့သည် အမှန်စင်စစ် လွတ်လပ်ရေးနေ့နှင့် ထပ်တူထပ်မျှ၊ တပ်မတော်နေ့နှင့် ထပ်တူထပ်မျှပင် အရေးကြီးလှသည့် အဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်လေသည်။ ပြည်ထောင်စုနေ့သည် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခြင်းကို ဂုဏ်ပြုသော အထိမ်းအမှတ်ဖြစ်သည်နှင့် အတူနယ်ချဲ့တို့၏ သွေးခွဲလှည့်စားခြင်းကို အနိုင်ယူနိုင်ခဲ့ခြင်း၏ ပြယုဂ်လည်းဖြစ်သည်။
မြန်မာတိုင်းရင်းသား အချင်းချင်း တစိမ်းပြင်ပြင်ကဲ့သို့ဖြစ်နေအောင် အင်္ဂလိပ်တို့က မည်သို့ပင်သွေးခွဲ ကြစေကာမူ အရေးကြီးတော့ သွေးစည်း၊ အရေးကြုံတော့ သွေးဆုံဆိုသည့်အတိုင်း မြန်မာ့လွတ်လပ်ရေး အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ညီညာစွာ လက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်ဖြစ်ပေါ်စေရာ ပြည်ထောင်စုနေ့ရောက်တိုင်း လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြသူ အပေါင်း၏ ဂုဏ်ကျေးဇူးကား များပြားလွန်းပေစွတကားဟု စိတ်ဝယ်မှတ်ယူရင်း ဦးညွှတ်မိပါတော့သတည်း။ ။