ခရီးသည်ရရှိမှုနည်းသဖြင့် ရပ်နားထားသည့်ယာဉ်ငယ်များပြားနေ

လားရှိုး၊ လမ်းပန်းဆက်သွယ်ရေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကားလေးဝင်းမှ ခရီးသည်တင်ပြေးဆွဲ လျက်ရှိ သည့် ယာဉ်ငယ်များအနက် နေ့စဉ်ယာဉ်ငယ် ၁၀ စီးခန့်သာ လားရှိုး-မန္တလေးသို့ ပစ္စည်း အချို့တင်ဆောင်ပြေးဆွဲနေရပြီး ကျန်ရှိသော ယာဉ်ငယ်များမှာ ရပ်နားမှုများပြားနေကြောင်း   မြို့နယ်ပုဂ္ဂလိက ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

လားရှိုးမြို့ မန်ဆူကားလေးဝင်းမှ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် ယာဉ်ငယ်လိုင်း၇၀ နီးပါးရှိကြောင်း၊ အဆိုပါ ယာဉ်လိုင်းများသည် လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ ချင်း ရွှေဟော်၊ လောက်ကိုင်၊ ပန်ဆန်း၊ တန့်ယန်း၊ မိုင်းရယ်အစရှိသည့် ဒေသတွင်းမြို့နယ်များနှင့် ပြင်ဦးလွင်၊ မန္တလေးဒေသများသို့ပါ နေ့စဉ်ခရီးသည်တင် ပြေးဆွဲလျက်ရှိရာ စက်တင်ဘာ ၁၆ ရက် နောက်ပိုင်း၌ ခရီးသည်ရရှိမှု နည်းပါးသွားသဖြင့် အချို့ယာဉ်လိုင်းဂိတ်များ ပိတ်ထား သည်အထိရှိကြောင်း၊ ယခုပြေးဆွဲနေသော ယာဉ်ငယ်များသည်လည်း လားရှိုးမှအထက်ပိုင်း မြို့နယ်များသို့ ပြေးဆွဲခြင်းကို ရပ်နားကြပြီး လားရှိုး-မန္တလေးသို့သာ ကုန်ပစ္စည်းအချို့ တင် ဆောင်ပြေးဆွဲလျက်ရှိကြောင်း မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်ကြိုင်ထံမှ သိရသည်။

ဆတ်ချိုတောင်(မြေလတ်သား)