ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ မန္တလေးမှ ကျောက်မြောင်းကြား အသိပညာပေး လုပ်ငန်းနှင့် ကင်းလှည့်ခြင်း လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်မည်

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ဖြစ်သော ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မန္တလေးမှ ကျောက်မြောင်းကြား အသိပညာ ပေးလုပ်ငန်းနှင့်   ကင်းလှည့်ခြင်းလုပ်ငန်း များကို ယခုလအတွင်း တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန  ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တာဝန်ခံ ဦးဟန်ဝင်း ၏ပြောပြချက်အရ သိရသည်။

''အရင်က မန္တလေးကနေ ကျောက်မြောင်းကြားကို အသိပညာပေး ခရီးစဉ်အပါအဝင် ကင်းလှည့်ခြင်းလုပ်ငန်းတွေ လုပ်တယ်။ လက်ရှိ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းဆီးမှုကြောင့် ဧရာဝတီ လင်းပိုင်တွေသေဆုံးနေရတဲ့ အတွက် ဒီလကစပြီး အသိပညာပေး လုပ်ငန်းနဲ့  ကင်းလှည့်တဲ့ လုပ်ငန်းတွေကို အကြိမ်ရေ ထပ်တိုးပြီးလုပ်မယ်။  ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးတာတွေ မရှိစေဖို့ အဓိကထား လုပ်ဆောင်မှာပါ။ တစ်လကို အနည်းဆုံး လေးကြိမ်၊ ငါးကြိမ် ကင်းလှည့်ဖို့ စီမံချက်ရေးဆွဲနေပါတယ်'' ဟု ဦးဟန်ဝင်း ကပြောသည်။

အဆိုပါလုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့  ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မန္တလေးမှ ဗန်းမော်ဘက်အထိ နေထိုင်ကျက်စားလျက်ရှိသည့် ဧရာဝတီ လင်းပိုင် ခြောက်ကောင်ခန့်သည် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။