ငဖဲမြို့နယ် သီပေါ်ကျေးရွာ၌ နိုင်ငံခြား နှင်းဆီပင်များ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သီပေါ်ကျေးရွာမှ တောင်သူ များအနေဖြင့် လယ်ယာနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကာ ကျေးရွာ၏ အနောက်ဘက် ကိုင်းမြေ သုည ဒသမ ၅ ဧက၌ ချောင်းရေ ကိုအသုံးပြု၍ နိုင်ငံခြားနှင်းဆီမျိုး အပင် ၁ဝဝဝ ကျော် စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းပြီး နေ့စဉ်ပုံမှန် ရောင်းချရသော ကြောင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြား နှင်းဆီမျိုးများအား မန္တလေးမြို့မှတစ်ဆင့် ဝယ်ယူပြီး ပျိုးပင် များကို တန်းကြား ၄ ပေ၊ ပင်ကြား ၁ ပေ အကွာ ကြားချစိုက်ပျိုးကြောင်း၊ အပင် များကို ဘောင်လုပ်ပြီး ရေသွင်းပေးရကာ အပင်ရှင်သန်၍ အပွင့်လှစေရန် နွားချေး နှင့်ကြက်ချေးမြေသြဇာ ထည့်သွင်းပေးပြီး ပိုးသတ်ဆေး၊ မှိုဆေး၊ အားဆေးများဖျန်း ပေးရကြောင်းနှင့် နှင်းဆီပင် စတင်စိုက်ပျိုးပြီး ငါးလခန့်အကြာတွင် အပွင့်ပွင့်၍ ခူးဆွတ် ရောင်းချရကြောင်း သိရသည်။
တောင်သူများအနေဖြင့် မိမိ၏ခြံမြေ အတွင်း နိုင်ငံခြားနှင်းဆီများနှင့်အတူ အာဆီယံသပြေနှင့် ကညွတ်ပင်များကို လည်း စိုက်ပျိုးထားရှိရာ ဘုရားပန်းလှူ ရန်နှင့် အလှူ၊ မင်္ဂလာဆောင်များတွင် အသုံးပြုရန် ခြံအရောက် လာရောက်ဝယ်ယူ မှုများရှိကြောင်း၊ နှင်းဆီတစ်ပွင့်လျှင် ငွေကျပ် ၁၅ဝ ဝန်းကျင်ဖြင့် ငဖဲမြို့မဈေး ၌ ရောင်းချရပြီး ဖောက်သည် ပေးပါက ငွေကျပ် ၁၃ဝ ခန့်ရရှိကြောင်း၊ နှင်းဆီပန်း နှင့် သပြေပန်းများကို တစ်ရက်လျှင် ပျမ်းမျှ ငွေကျပ် သုံးသောင်းကျော်ဖိုးခန့် ရောင်းချ ရသဖြင့် မိသားစုနေ့စဉ်ပုံမှန် ဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။