ရှေးဟောင်းအမွေအနှစ် တကယ်ချစ်ကြပါ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်လေ့လာဟူသော သတင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။ ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်တွင်းကြီး၏ အနောက်ဘက် ၁၂  မိုင်ခန့်အကွာတွင် တည်ရှိပြီး မြောက်ဘက်တွင် ယင်းချောင်း၊ စတုံချောင်းနှင့် တောင်ဘက်တွင် တောင်ဦးချောင်း၊ ရန်ပယ်ချောင်းတို့ စီးဆင်းလျက်ရှိသည်။ စိုက်ပျိုးမြေကောင်းမွန်သော ယင်းလွင်ပြင်ဒေသနှင့် တောင်တွင်းကြီးလွင်ပြင်တို့ကို အမှီပြု၍ တည်ဆောက် ထားသည့် အေဒီ(၁)ရာစုမှ အေဒီ(၅)ရာစုအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့်မြို့ဟောင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက်သို့ ရောက်ရှိကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့၏ သမိုင်းအကျဉ်းနှင့် မြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများအဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အပေါ် တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်မှု၊ တိုင်းပြည်၏ရှေးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထား ဂုဏ်ယူမှုတို့ကို ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်သာမက မကွေးတိုင်းဒေသကြီး၏ အထင်ကရအထိမ်းအမှတ်နေရာ၊ ကမ္ဘာ့အမွေအနှစ်ဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ကြောင်း၊    အရှေ့တောင်အာရှတွင်  အစောဆုံးမြို့ပြယဉ်ကျေးမှု (Civilization)သည် ပျူမြို့များဖြစ်ပြီး ၎င်းပျူမြို့များနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင်လည်း ယဉ်ကျေးမှုသမိုင်း အထောက်အထားများ ရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်း ရှိသည်နှင့်အတူ ရှေးဟောင်း အမွေအနှစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။ ပျူခေတ်ကာလမှစတင်၍ မြန်မာနိုင်ငံနေရာဒေသ အသီးသီးတွင် မြို့ပြအိမ်ရာ များကို တည်ထောင်ခဲ့ကြသည်။ ရှေးဟောင်းမြို့ပြများအနက် အချို့မှာကွယ်ပျောက်လျက်ရှိပြီး  အချို့မှာ ယနေ့တိုင် ကျန်ရှိနေသည်။

ရှေးဟောင်းသုတေသနနှင့် သမိုင်းပညာရှင်များ၊ သုတေသီများ၏ ရှာဖွေဖော်ထုတ်မှုကြောင့်  မြန်မာ့ပျူမြို့ဟောင်းများ ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့်ဟန်လင်းတို့ကိုဖော်ထုတ်တွေ့ရှိထားသည်။ အဆိုပါ ရှေးဟောင်းမြို့သုံးမြို့ကို ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသုံးရပ်ဖြင့် ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ရေး အဆိုပြုတင်သွင်းခဲ့ရာ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်တွင်ပြုလုပ်သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ အဖြစ်သတ်မှတ်ခဲ့ပါသည်။

ဗိဿနိုးမြို့ဟောင်းကို ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ရှေးဟောင်းကုန်းပေါင်း ၂၅ ကုန်းနှင့် ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း  ရှေးဟောင်းကုန်းပေါင်း ၄၁ ကုန်းတို့ကို တူးဖော်သုတေသနပြုထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများတွင် ဒြပ်ရှိနှင့်ဒြပ်မဲ့ဟူ၍ နှစ်မျိုးရှိပေရာ ဒြပ်ရှိယဉ်ကျေးမှု ပစ္စည်းများသည် အိုးခြမ်းကွဲများမှသည် အဆောက်အအုံများအထိ ကိုင်တွယ်ထိတွေ့ရနိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှု ပစ္စည်းများမှာ ဘာသာစကား၊ အနုပညာ၊ ရိုးရာထုံးတမ်းစသည့် ကိုင်တွယ်ထိတွေ့ မရနိုင်သည့်အရာများ ဖြစ်သည်။ နိုင်ငံတိုင်းသည်  မိမိတို့၏ အမွေအနှစ်များကို အစဉ်တစိုက် ထိန်းသိမ်းခဲ့ကြသည်။ သိပ္ပံနည်းကျရှေးဟောင်းသုတေသန ပညာရပ်ထွန်းကား လာချိန်တွင် မြေပေါ်မြေအောက် ရှာဖွေဖော်ထုတ်၍ ပိုမိုထိန်းသိမ်းလာနိုင်ခဲ့ကြသည်။

အမွေအနှစ်ဟူသည်မှာ လူနေမှု အသိုက်အဝန်းတစ်ခု၏ ယဉ်ကျေးမှု လက္ခဏာများ ပါရှိနေသည့် အရာဟူ၍ လည်းကောင်း၊ သမိုင်းဆိုင်ရာအရေးပါမှုများပါရှိပြီး အတိတ်ကာလမှ ယခုတိုင်ကျန်ရှိနေသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ပစ္စည်းများ ဟူ၍လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ကမ္ဘာ့အမွေအနှစ်သည် နိုင်ငံအသီးသီးရှိ မြို့ဟောင်းများ အပါအဝင် သမိုင်းဝင်ယဉ်ကျေးမှု ဒေသများဖြစ်ပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ်သည် စာကြည့်တိုက်၊ ပြတိုက်နှင့်မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာလက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကားများ၊ ဖလင်များ၊ အသံမှတ်တမ်းများ၊ ဗီဒီယိုအခွေများ၊ စာရွက်စာတမ်း အထောက်အထားများ စသည်တို့ ဖြစ်ပါသည်။

မိမိနိုင်ငံသမိုင်းကို  မိမိတို့လူငယ်များ သိရှိအောင် လေ့လာထားသင့်သလို  ဘိုးဘွားအမွေအနှစ်ကိုလည်း တကယ်ချစ်မြတ်နိုးကြရန် လိုအပ်ပေသည်။ သမိုင်းကို သိမှသာလျှင် နိုင်ငံနှင့်လူမျိုးကို ပိုမိုတန်ဖိုးထား ချစ်မြတ်နိုးနိုင်ကြမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ မြို့ပြယဉ်ကျေးမှုသည် ပျူခေတ်(ဘီစီ ၃ ရာစု၊ ၂ ရာစု)ကတည်းက စတင်ခဲ့ပြီး ထိုခေတ်ကာလများ မှစတင်ကာ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ရှိခဲ့ကြောင်းကို တူးဖော်တွေ့ရသော ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းများနှင့် ခေတ်ပြိုင်အိမ်နီးချင်းနိုင်ငံများ၏ မှတ်တမ်းများအရ သိရှိကြရသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဆက်လက်ရှာဖွေမှု ပြုလုပ်ရန်များစွာ ရှိသေးကြောင်းလည်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် အမွေဆိုသည်မှာမျိုးဆက်သစ်တို့ လက်ဆင့်ကမ်းထိန်းသိမ်းရမည် ဖြစ်ပါ၍ ရှေးဟောင်းအမွေအနှစ် တကယ်ချစ်ကြပါရန် တိုက်တွန်းပါကြောင်း။   ။