နေပြည်တော်၊ စက်တင်ဘာ - ၂၆
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့ နေ့လယ်ပိုင်းတွင် Video Conferencing ဖြင့်တပ်မတော်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်၊၊
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက (၁၇) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (17th ACDFM)ကို Video Conferencing ဖြင့် စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည့် အခြေအနေများ၊ အလားတူ စက်တင်ဘာ ၁၆ ရက်တွင် (၁၀)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး (10th AMOM) နှင့် စက်တင်ဘာ ၂၄ ရက်တွင် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (17th AMIM) များ ကျင်းပခဲ့သည့်အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ယခုလအတွင်း သွားရောက်ခဲ့သည့် ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်စန်၊ တောင်ကြီး၊ လားရှိုး ခရီးစဉ်များတွင် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာ စကားပြောကြားခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ တိုင်းရင်းသားအကြီးအကဲများနှင့် တွေ့ဆုံခဲ့မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် NDAA(မိုင်းလား)အဖွဲ့၊ UWSA(၀)အဖွဲ့တို့နှင့်တွေ့ဆုံ၍ ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေး ဆွေးနွေးခဲ့မှုနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူ များ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များအား ဆွေးနွေးခဲ့သည့် အခြေအနေများ။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မုံးထော်၊ မုံးထ၊ ဟိုပန်၊ ဟိုရွက်၊ မုံးကျွတ်၊ လွယ်လန်းဒေသများတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးအဖွဲ့များက ဒေသခံပြည်သူများနှင့် UWSA(၀)အဖွဲ့တို့အား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည့် အခြေအနေများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေး ကန်ရေရှည်တည်တံ့စေရန်နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှုနှင့် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီး လှူဒါန်းပေးခဲ့သည့် အခြေအနေများ။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် တပ်မတော်မှ အရှိန်အဟုန်မြှင့်ပါဝင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာ ကြားခဲ့သည့် “လူ့အသက်ထက် အရေးကြီးတာမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည်မှန် သမျှကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အချိန်နှင့် တစ်ပြေးညီ Real TIme တိတိကျကျ ဆောင်ရွက်ပေးရမည်” ဆိုသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့လူနာများ နေ့စဉ်တိုးပွားလျက်ရှိပြီး ကုသပေးရန်နေရာ အခက်အခဲများဖြစ်ပေါ်လာသည့်အတွက် တပ်မတော်အနေဖြင့် COVID-19 ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများ ကုသပေးနိုင်ရန် မှော်ဘီမြို့ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်း၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော် တို့၌ COVID-19 ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ ကုသရေးဆေးရုံများအဖြစ် ပြင်ဆင် ဆောင်ရွက်ခဲ့မှု၊ အဆိုပါကုသရေးဆေးရုံများတွင် ဆေးရုံသုံးကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများ စုံလင်စွာထားရှိ၍ တပ်မတော်မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြုများဖြင့် အတည်ပြုလူနာများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် နေထိုင်စားသောက်ရေးတို့ကို တပ်မတော်မှ စီစဉ်ဆောင်ရွက်ပေးပြီး စက်တင်ဘာ ၂၅ ရက်စတင်၍ COVID-19 ရောဂါပိုးအတည်ပြုလူနာများ စတင်လက်ခံနေသည့်အခြေအနေများ။
ထို့ပြင် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ လှည်းကူး မြို့နယ်၊ COVID-19 ကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် ဆေးအဖွဲ့များအား အလှည့်ကျစေလွှတ်၍ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရန်ကုန်မြို့ နှင့် နေပြည်တော်မြို့များရှိ တပ်မတော်ဆေးရုံကြီးများ၌ပြည်သူများအား COVID-19 ရောဂါပိုး စစ်ဆေးပေးလျက်ရှိသည့်အခြေအနေများ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် အရပ်ဘက်မှ Quarantine စောင့်ကြည့်ရမည့်သူများ လက်ခံ ထားရှိမှု၊ COVID-19 ရောဂါအထောက်အကူပြုဆေးပစ္စည်းများအား ပြည်သူ့ဆေးရုံများသို့ ပေးအပ်လှူဒါန်းမှုများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေး ကျောင်းများ၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းများနှင့် လူမှုအဖွဲ့အစည်းများအား တပ်မတော်မှ ရိက္ခာအမယ် ၄ မျိုး ပေးအပ်လှူဒါန်းခဲ့မှု၊ တိုင်းရင်းသားအဖွဲ့ နယ်မြေများသို့ ဆေးပစ္စည်းများ၊ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ပေးခဲ့မှု၊ Quarantine ဝင်ရောက်မည့် အရပ်သားများထားရှိနိုင်ရေးအတွက် တပ်မတော်အနေဖြင့် Quarantine Center ၁၆ ခုကို ပြင်ဆင်ဆောင်ရွက်လက်ခံထားရှိပြီး ၎င်းတို့၏နေထိုင်စားသောက်ရေး တို့ကို တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေသည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးဆေးပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာပစ္စည်း များကို တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့မှု၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် မဟာဗျူဟာမြောက် စစ်ဦးစီး လေ့ကျင့်ခန်း KAVKAZ-2020(Caucasus 2020) ၌ မြန်မာ့တပ်မတော်မှ ပါဝင်လေ့ကျင့်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ်ပြန်လည်ရှင်းလင်းဖြေကြား သည်။ အဆိုပါ Video Conferencing ဖြင့်ပြုလုပ်သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၁၅ ခုမှ သတင်းထောက်များတက်ရောက် သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။