အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခံရသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအပေါ် စီရင်ချက် အမိန့်ချမှတ်
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှုများ ရှိသောကြောင့် အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ သည်။
စစ်ဆေးတွေ့ရှိချက်အရ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းသည့် အလှူငွေကျပ် ၂၃၉ သန်းကျော်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က ထုတ်ပြန်သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာအမှတ် (၅၈/၂ဝ၁၉)နှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များတွင် သုံးစွဲခြင်းနှင့် ပါတီလုပ်ငန်းများတွင် သုံးစွဲထောက်ပံ့ခြင်း၊ ပဲခူးမြို့နယ်အတွင်း တပ်စွန့်လွှတ်မြေပေါ်တွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပေးအပ်သည့် ငွေကျပ် သိန်း ၁ဝဝ ကို လက်ခံရယူခဲ့ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီဥက္ကဋ္ဌ တစ်ဦးထံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် လှူဒါန်းသည့် ငွေကျပ်သိန်း ၂ဝဝ ကို လက်ခံရယူပြီး အလှူငွေစာရင်းတွင် ထည့်သွင်း ရေးသားမှု မပြုခြင်း၊ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ လဆန်းပိုင်းတွင် လုပ်ငန်းရှင်တစ်ဦးမှ ပေးအပ်သည့် ငွေကျပ်သိန်း ၅ဝ ကို လက်ခံရယူခဲ့ခြင်း၊ ကုမ္ပဏီပိုင်ရှင် တစ်ဦးက ပဲခူးတိုင်း ဒေသကြီးအတွင်း မြေဧက ၄ဝဝ ခန့်အား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ရာ မြေဧက ၂ဝဝ ကျော်အား လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလအတွင်း ပေးအပ်သည့် မော်တော်ယာဉ်တစ်စီးကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး လွှတ်တော်တို့၏ တားမြစ်ကန့်ကွက်မှုများအပေါ် လျစ်လျူရှုပြီး ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ Bago Region Construction Control Authority (BRCCA)ကို ၎င်းတစ်ဦးတည်း သဘောဖြင့် ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အား အစိုးရအဖွဲ့ အဝန်းအဝိုင်းအတွင်းရှိ မြေ၊ အဆောက် အအုံ၊ ရုံးသုံးပရိဘောဂ၊ ရေ/မီးနှင့် မော်တော်ယာဉ်တို့အား အခမဲ့သုံးစွဲခွင့် ပြုခဲ့သည့်အပြင် ဒေသတွင်းတည်ဆောက်ရေး လုပ်ငန်းများအတွက် အရည်အသွေး စစ်ဆေးခဖြစ်သော လုပ်ငန်းပမာဏ ခွင့်ပြုငွေ၏ ၂ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၁၃၆ သန်းကျော်အား ၎င်းအဖွဲ့၏ ဘဏ်ငွေစာရင်း၌ လက်ခံရယူခဲ့ပြီး ၎င်းအနက်မှ ဝန်ဆောင်ခအဖြစ် သုည ဒသမ ၃ ရာခိုင်နှုန်း ဖြတ်တောက် ရယူခဲ့ခြင်းအပေါ် ကြပ်မတ်စိစစ်ရန် ပျက်ကွက်ခဲ့သဖြင့် ၎င်းသဘောနှင့် ဖွဲ့စည်းခဲ့သော BRCCA/ BRCB(T) အဖွဲ့အားဥပဒေနှင့်အညီ ရထိုက်ခွင့် မရှိသော အခွင့်အရေးများကို ရရှိစေရန်အတွက် တစ်ဖက်တစ်လမ်းမှ သွယ်ဝိုက်စီမံ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင်၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၁၈-၂ဝ၁၉ ထိ ဘဏ္ဍာနှစ် လေးနှစ်တာ ကာလအတွင်း ပိုလျှံရန်ပုံငွေများဖြင့် လျှပ်စစ်လမ်းမီး ထွန်းညှိခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂ဝ၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါ ခေါ်ယူခြင်းမရှိဘဲ ငွေကျပ်သန်း ၂ဝဝဝ ခန့် တန်ဖိုးရှိသည့် လုပ်ငန်း ၁၅ ခုအား ကုမ္ပဏီ တစ်ခုတည်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေမှ သက်သာစေမည့် တင်ဒါပိုလျှံငွေများ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကြောင့် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂ဝ၂၁ ခုနှစ် ဇူလိုင် ၈ ရက်၌ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂ဝ၂၁ မှ ၇/၂ဝ၂၁ အထိ အမှုခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။
အဆိုပါအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား ရာဇဝတ်ကြီးမှုအမှတ် ၁/၂ဝ၂၁၊ ၂/၂ဝ၂၁၊ ၃/၂ဝ၂၁၊ ၄/၂ဝ၂၁၊ ၅/၂ဝ၂၁ နှင့် ၇/၂ဝ၂၁ တို့အတွက် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်စီဖြင့် ၁၈ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၆/၂ဝ၂၁ အတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း အမှုခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၂ဝ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။