မျိုးချစ်စိတ်ဓာတ်နှင့် ယဉ်ကျေးမှု
အယ်ဒီတာ့အာဘော်
(၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်)
ကံဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ စိတ်သဘောဆန္ဒအရဆောင်ရွက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကံဆိုသည်မှာအလုပ်ဖြစ်သည်။ ကိုယ်ဖြင့်ပြုလုပ်သောအမှုကို ကာယကံ၊ နှုတ်ဖြင့် ပြောဆိုသောအမှုကို ဝစီကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟူ၍ ကံသုံးပါးရှိပါသည်။ မိမိကကောင်းတာပြုလုပ်လျှင် ကောင်းကျိုးကို ခံစားရမည်ဖြစ်သကဲ့သို့ မကောင်းတာလုပ်လျှင်လည်း မကောင်းကျိုး ခံစားရမည်သာဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက် ဗုဒ္ဓ၏ ဟောကြားထားသော တရားတော်များအတိုင်း လိုက်နာပြုမူ ကျင့်သုံးလျက်ရှိသည်။ ဘာသာတရား၏ သိမ်မွေ့မှုနှင့်အတူ တိုင်းရင်းသားများသည် အေးအတူပူအမျှ နေထိုင်လာခဲ့ကြသည်မှာ နှစ်ကာလအားဖြင့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုစာပေ၊ အနုပညာများမှာ မြင့်မားစွာ တည်ရှိလျက်ရှိသည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပေးကာ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုကို ပိုမိုမြင့်မားစေခဲ့သည်။ ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ အနုပညာလောကကို နိုင်ငံတော်က ဂုဏ်မြှင့်တင်ပေးခဲ့သည်မှာ ၁၉၉၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိဖြစ်သည်။
၂ဝ၁၆ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက တိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပပေးခြင်း မရှိတော့ဘဲ မြန်မာ့ယဉ်ကျေးမှု အကကို ဖက်စပ်ဖန်တီးမှုများကြောင့် ဖက်စပ်အကများ ခေတ်စားလာခဲ့သည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)ကဲ့သို့ ဘာသာ၊ သာသနာရေးနှင့် ပရဟိတတွဲဖက် ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများကို အကြောင်းအမျိုးမျိုးပြကာ ဖျက်သိမ်းခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြုပြီး ဘုရားပုထိုးများဖူးမြော်ခွင့်နှင့် ဘာသာရေး အဆောက်အအုံအတွင်း ဘုရားဝတ်ပြုကြည်ညိုခွင့်များ ပိတ်ပင်သည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းသယောင် ဝါဒဖြန့်ခဲ့သည်။ မြန်မာတို့၏ ဓလေ့ဖြစ်သော ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုသော မွန်မြတ်လှသော အလေ့အကျင့်များအပေါ်တွင် အွန်လိုင်းမီဒီယာများ အသုံးချကာ လူငယ်တို့၏ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်များ ဖျက်ဆီးခံခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ''ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာအများစုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းခန့် ကိုးကွယ်မှုရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရ သက်တမ်းကာလမှာ ကျောင်းသား လူငယ်တွေထဲ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ Sex Education သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားစေခဲ့တာ တွေ့ရပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးယှက်တင် မဖြစ်စေရန် လိုသလို ကိုယ့်ဘာသာသာသနာ သန့်ရှင်းတည်တံ့ပြီး ထွန်းလင်းတောက်ပစေဖို့လည်း စည်းကမ်းတကျ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သမိုင်းအမှန်ကို ဖုံးကွယ်ပြီး လူငယ်ထုအတွင်း တပ်မတော်ကို အမုန်းရန်ပွားများစေဖို့ နားယောင်ထိုးသွင်း လှုံ့ဆော်ခြင်းတွ ေဆောင်ရွက်စေခဲ့တဲ့အထိ နိုင်ငံရေး သမားတွေရဲ့ အသုံးချခံဖြစ်အောင် စိမ့်ဝင်စေခဲ့ပါတယ်'' ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတိုင်းတွင် သူ့လူမျိုးသူ့ဘာသာကို တန်ဖိုးထားနေကြသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လျက် ရှိကြသည်။ မျိုးချစ်စိတ်ဓာတ် မရှိသောနိုင်ငံ၊ ဘာသာတရားကို တန်ဖိုးမထားသောနိုင်ငံဟူ၍ တစ်နိုင်ငံမျှမပေါ်သေးပါ။ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်း၊ ဘာသာတရားကို တန်ဖိုးထားခြင်းမရှိလျှင် ထိုနိုင်ငံသည် ကမ္ဘာမြေပြင်မှကွယ်ပျောက်သွားမည်သာဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်သည် ယနေ့ခေတ်တွင် အသုံးမဝင်တော့ဟူသော အမြင်မျိုးသည် တိုင်းတစ်ပါးသားတို့ အကြိုက်ကို လိုက်ပါပြောဆို လုပ်ဆောင်ခြင်းသာဖြစ်ပေလိမ့်မည်။
တပ်မတော်ကနိုင်ငံတော် တာဝန်ကိုရယူထိန်းသိမ်းပြီးနောက် ကိုဗစ်-၁၉ ရောဂါအကြောင်းပြပြီး ပိတ်ထားခဲ့သော ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေး အဆောက်အအုံများမှာ ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ပြည်သူတို့စိတ်နှလုံး ရွှင်ပြုံးကာ ဘာသာရေးကို ဦးတည်လုပ်ဆောင်နိုင်ကြသည်။ အမျိုးဘာသာသာသနာ ဆုတ်ယုတ်အောင်လုပ်ဆောင်ခြင်း၊ ဝါဒဖြန့်ခြင်း အကျိုးဆက်ကြောင့် လူငယ်တို့ လမ်းမှားရောက်သွားကာ အနာဂတ်ပျောက်ဆုံးနေကြသည်။ ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်လိမ့်မည် ဆိုစကားရှိသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုပြန်လည် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ဂီတစွမ်းအား ပြည်ထွန်းကားဆိုသည့်အတိုင်း မြန်မာတို့၏ မဟာဂီတသီချင်းကြီးများ၊ ခေတ်ဟောင်းသီချင်းများနှင့်အဆို၊ အကများကို ပြန်လည်ကြားမြင် ရတော့မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မျိုးချစ်စိတ်ဓာတ်နှင့် ယဉ်ကျေးမှုရှင်သန် ထွန်းကားပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။