နေပြည်တော် ဖေဖော်ဝါရီ ၂၀
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့ဝင် ဦးမောင်းဟာတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ ဟားခါးတက္ကသိုလ်တွဲဖက်ပါမောက္ခ ဒေါက်တာရာမ်ငိုင်းမှ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့မိန့်ခွန်းပြောကြားပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးပို့သည့်လှူဒါန်းငွေကျပ် သိန်း (၂၀၀၀)နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ပေးအပ်ခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်မှ လက်ခံသည်။
ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဆိုလာ(၁၀၀)အစုံ ထောက်ပံ့ ပေးအပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်း အောင်နှင့် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ရုံးညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းတို့မှ ပေးအပ်ခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းမှ လက်ခံသည်။
ဆက်လက်၍ ချင်းအမျိုးသားနေ့ဂုဏ်ပြုပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။