မန်စီးတီးအသင်းက စပါးအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း လီဗာပူးအသင်းက နိုင်ပွဲရရှိသောကြောင့် ချန်ပီယံဆုအတွက် အကြိတ်အနယ်ပြန်လည် ဖြစ်ပေါ်လာဖွယ်ရှိနေ
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)တွင် မန်စီးတီး အသင်းအနေဖြင့် စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီး လီဗာပူးအသင်းက နောဝှစ်ချ်အသင်းကို နိုင်ပွဲရရှိခဲ့သောကြောင့် ချန်ပီယံဆုအတွက် အကြိတ်အနယ် ပြန်လည်ဖြစ်ပေါ်လာဖွယ် ရှိနေကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)မတိုင်မီ မန်စီးတီး အသင်းက တစ်ပွဲသာအနေအထားဖြင့် အမှတ်ပေး ဇယား ဒုတိယနေရာမှ လီဗာပူးအသင်းကို ရမှတ် ကိုးမှတ်အထိ ဖြတ်တောက်ထားနိုင်သော်လည်း ပွဲစဉ်(၂၆)တွင် မန်စီးတီးအသင်း အနေဖြင့် ရှုံးပွဲတွေ့ကြုံပြီး လီဗာပူးအသင်းက အနိုင်ရရှိခဲ့သောကြောင့် လီဗာပူးအသင်းက ခြောက်မှတ်ကွာ အနေအထားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် လီဗာပူးအသင်း အနေဖြင့် တစ်ပွဲကစားရန် ကျန်ရှိနေသည့်အတွက် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိမည်ဆိုပါက ရမှတ်သုံးမှတ်သာ ကွာဟမည့် အခြေအနေများကြောင့် ချန်ပီယံဆုအတွက် မန်စီးတီး အသင်းကို လီဗာပူးအသင်းက ဆက်လက်ဖိအား ပေးနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်လာခြင်း ဖြစ်သည်။
အစောပိုင်းက ရလဒ်များ ဆက်တိုက်ကောင်းမွန်နေသည့် မန်စီးတီးအသင်း အနေဖြင့် ချန်ပီယံဆုအတွက် ရေပန်းစားမှု မြင့်တက်လျက်ရှိသော်လည်း စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် လီဗာပူးအသင်းက ချန်ပီယံဆုအတွက် ပြန်လည် ဖိအားပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။