ပီအက်စ်ဂျီအသင်းတွင် ဆက်လက် ကစားပေးရန် အမ်ဘတ်ပီကို ပြင်သစ် သမ္မတ မက်ခရွန်ကိုယ်တိုင် တောင်းဆိုမှုများ ပြုလုပ်
ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်ကိုယ်တိုင်က ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးအမ်ဘတ်ပီကို လာမည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ မပြောင်းရွှေ့ဘဲ အသင်း၌သာ ဆက်လက် ကစားပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် အမ်ဘတ်ပီသည် ၂ဝ၁၇ ခုနှစ်က မိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းနှင့် ခြောက်နှစ်ကြာ ကစားပြီးနောက် ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာရန် ရေပန်းစားနေသူ ဖြစ်သည်။
လက်ရှိတွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးတော့မည့် အမ်ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့် အတွက် ရီးယဲလ်မက်ဒရစ် အသင်းနှင့် လီဗာပူးအသင်း အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းကြီးများက အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေသကဲ့သို့ ပီအက်စ်ဂျီအသင်းကလည်း ကမ္ဘာ့စံချိန်တင် လုပ်ခလစာဖြစ်သည့် တစ်ပတ်လုပ်ခ စတာလင်ပေါင် တစ်သန်းဖြင့် ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမ်ဘတ်ပီကို ပီအက်စ်ဂျီ အသင်းတွင် ဆက်လက်ကစားရန် ပြင်သစ်သမ္မတ မက်ခရွန် ကိုယ်တိုင်က တောင်းဆိုမှုများ ပြုလုပ်ခဲ့သကဲ့သို့ ပြီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းရှုံးထွက် အဆင့် ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းက ရီးယဲလ်မက်ဒရစ် အသင်းအား အနိုင်ရရှိသည့် ပွဲစဉ်ကိုလည်း ပြင်သစ် သမ္မတဟောင်း တစ်ဦးဖြစ်သည့် ဆာကိုဇီကိုယ်တိုင် သွားရောက်ကြည့်ရှု အားပေးခဲ့ကာ ပွဲစဉ်အပြီးတွင် ဆာကိုဇီက အမ်ဘတ်ပီကို သီးသန့်တွေ့ဆုံမှုပြုလုပ်ပြီး ပီအက်စ်ဂျီအသင်း၌ ဆက်လက် ကစားပေးရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။